ရန်ကုန် ဖေဖော်ဝါရီ ၁၉
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် Online Appointment များရယူကာ ရောင်းချမှုများရှိသောကြောင့် သံသယရှိသူများ၏ Appointment များကို စိစစ်၊ ပယ်ဖျက်ရာတွင် ကိုယ်တိုင်လျှောက်ထားရန် ဆောင်ရွက်ထားသော နိုင်ငံသားများ၏ Appointment များ ပါရှိသွားပါက အချက်အလက်အပြည့်အစုံတင်ပြ၍ သံရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးက အသိပေးကြေညာထားသည်။
မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာတွင် သံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ဆောင်ရွက်ကြသူ အလွန်များပြားလာသောကြောင့် မြန်မာနိုင်ငံသားများအား အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်စေရန်အတွက် Online Appointment စနစ်ကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကျင့်သုံးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ Online Appointment စနစ်တွင် ရက်ချိန်းရယူထားပြီး အလုပ်အားလပ်မှုမရှိသဖြင့် သံရုံးသို့ လူကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိသူများအတွက်လည်း မိသားစုဝင်တစ်ဦးဦးမှဖြစ်စေ၊ အသိမိတ်ဆွေမှဖြစ်စေ ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်လျှောက်ထားခြင်းကို ဖြေလျှော့ခွင့်ပြုထားရှိသည်ဟု ပါရှိသည်။
သို့ရာတွင် အဆိုပါဖြေလျှော့ပေးမှုအပေါ် အချို့သူများက မိမိအကျိုးအတွက် အသုံးပြုနေကြောင်း သံရုံးအနေဖြင့် စိစစ်တွေ့ရှိရပြီး အဆိုပါပုဂ္ဂိုလ်များသည် မိမိကိုယ်တိုင်လျှောက်ထားရန်အတွက်မဟုတ်ဘဲ Online Appointment စနစ်သို့ အမည်အမျိုးမျိုး၊ အီးမေးလ်လိပ်စာအမျိုးမျိုးဖြင့် ဝင်ရောက်ကာ ကြိုတင် Appointment များ ရယူထားပြီး အဆိုပါ Appointment အား အခကြေးငွေဖြင့် ရောင်းချကာ ကိုယ်ကျိုးအတွက် အသုံးချနေကြသဖြင့် ကိုယ်တိုင်ဆောင်ရွက် လိုသော မြန်မာနိုင်ငံသားများမှ ရက်ချိန်းရယူရာတွင် အခက်အခဲရှိနေကြောင်း တွေ့ရှိရကြောင်းလည်း ဖော်ပြပါရှိသည်။
ထို့ကြောင့် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် မိမိအကျိုးစီးပွား အတွက် Online Appointment များ ကြိုတင်ရယူဆောင်ရွက်ထားကြောင်း သံသယရှိသူများ၏ Appointment များကို စိစစ်ပယ်ဖျက်လျက်ရှိရာ ကိုယ်တိုင်လျှောက်ထားရန် ဆောင်ရွက်ထားသော နိုင်ငံသားများ၏ Appointment များ ပါရှိသွားပါက အချက်အလက် အပြည့်အစုံတင်ပြ၍ သံရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပြီး သံရုံးမှလိုအပ်သည့် စိစစ်မှုများပြုလုပ်၍ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သံရုံးသို့ လာရောက်ရာတွင်လည်း ကာယကံရှင်က ကိုယ်တိုင်ပြုလုပ်ထားခြင်းမရှိသည့် Appointment များဖြင့် လာရောက်ခြင်း ဟုတ်၊ မဟုတ် လိုအပ်သည့်အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ကောင်စစ်ဌာနအတွင်းသို့ ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် မူနှင့်ကိုက်ညီသော လျှောက်ထားမှုများနှင့် မိသားစုဝင်များမှအပ Appointment တစ်ခုလျှင် လျှောက်လွှာတစ်စောင်သာ လက်ခံသွားမည်ဖြစ်ပြီး မိသားစုဝင်များမှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ကိုယ်စားလာရောက်လျှောက်ထားသူများအား လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိပေးထားကာ သံရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားရန် အခက်အခဲရှိသော ဝေးလံဒေသများမှ မြန်မာနိုင်ငံသားများအနေဖြင့် စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားမှုကို ဆက်လက်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သံရုံးမှအသိပေးထားသည်။
မေသက်