Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ တက်ရောက်ဆုချီးမြှင့်

ရန်ကုန် ဖေဖော်ဝါရီ ၂၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်အောင်က အမှတ်တရလက်ဆောင်ကို မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) အထွေထွေမန်နေဂျာအားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သောင်းက ကျင်း အမှတ်(၅)တွင် Hole in One ဆုရရှိသော ဦးသန်းထွန်းအားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အကောင်းဆုံး Best Amateur Player ဆုကို စုစုပေါင်းရိုက်ချက်၂၈၉ ဖြင့် ဆုရရှိသွားသော ဇော်ဇော်ထွန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က Senior Pro ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၂၁ ချက်ဖြင့် တတိယရရှိသွားသော ဦးမြင့်သောင်း၊ Senior Pro ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၁၇ ချက်ဖြင့် ဒုတိယရရှိသွားသော စိုးကျော်နိုင်(Taylor-made)၊ Tour Pro ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၈၁ ချက် ဖြင့် တတိယရရှိသွားသော မျိုးဝင်းအောင်နှင့် Tour Pro အဆင့်တွင် စုစုပေါင်းရိုက်ချက် ၂၈၀ ဖြင့် ဒုတိယဆုရရှိသွားသော သီဟဌေး (HAN Golf Masters) တို့အားလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးက Senior Pro အဆင့်တွင် စုစုပေါင်းရိုက်ချက် ၂၀၅ ချက်ဖြင့် ပထမဆုရရှိသွားသော မင်းနိုင်အားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro အဆင့်တွင် စုစုပေါင်းရိုက်ချက် ၂၇၉ ချက်ဖြင့် ပထမဆုရရှိသွားသော နိုင်နိုင်လင်းအားလည်းကောင်း ဆုဖလားနှင့် ဆုကြေးငွေချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့တော်ဂေါက်ကွင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ အမှုဆောင်တို့နှင့်တွေ့ဆုံ၍ ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးနှင့်ပတ်သက်၍ အထူးဂရုစိုက် ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အဖွဲ့ချုပ်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမသို့ရောက်ရှိ၍ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်မှာကြားသည်။

ယင်းနောက် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းကျောင်းသို့ရောက်ရှိ၍ Grade-7 ၊ Grade-8၊ Grade-10 ၊ Grade-12 နှစ်ဆုံးစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ ကြပ်မတ်သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်