Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် မန္တလေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

မန္တလေး ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင်ဦးကျော်စိုးနှင့် ကော်မရှင်အဖွဲ့ဝင်ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် အကျဉ်းသား အကျဉ်းသူများ၏အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ သက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးသည့် အလုပ်ရုံများ၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ ထောင်တွင်းစာသင်ကျောင်း၊ အချုပ်ဆောင်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်များ၊ မိလ္လာများနှင့် သုံးရေကန်များ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူများအား အိပ်ဆောင်များတွင်တွေ့ဆုံပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ စုစုပေါင်း ၈၆ ဦးကိုတွေ့ဆုံကာ အကျဉ်းသူများ၏တင်ပြချက်များကို မေးမြန်းမှတ်တမ်းတင်ပြီးနောက် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ကျွေးမွေးမှုအခြေအနေ၊ အကျဉ်းထောင်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ အကျဉ်းသား၏ ရောဂါအခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေပေးဝေမှုနှင့် ချိုးရေသုံးရေ လုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့်တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက်ဝတ်ပြုကိုးကွယ်ခွင့်ခြေအနေ၊ အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှုအခြေအနေ၊ အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိမရှိအခြေအနေ စသည်တို့ကိုမေးမြန်းခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှလှူဒါန်းခဲ့ကြသည်။

စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်