Skip to main content

မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) သို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများ၏ ဝမ်းသာပီတိစကားသံများ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

စားသောက်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင် တစ်ရပ်ဖြစ်ထွန်းလာစေရေး၊ စားသောက်ကုန်ထုတ် လုပ်ငန်းကွင်းဆက်တစ်လျှောက် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး၊ စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစီအမံသစ်များဖော်ဆောင်ပေးနိုင်ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များတွင် ရှင်းလင်းလွယ်ကူစေရေးနှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ်တွင် စားသောက်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စားသောက်ကုန်နှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက ဆွေးနွေးအဖြေရှာဆောင်ရွက်ခဲ့ကြရာ ၎င်းတို့နှင့်တွေ့ဆုံ၍ ဆွေးနွေးခြင်းရလဒ်မှ တစ်ဆင့် မြန်မာ့စားသောက်ကုန်ကဏ္ဍ တိုးတက် မြင့်မားလာစေမည့်အခြေအနေများကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။

ဦးအောင်ရွှေ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း)

လက်ရှိကျင်းပခဲ့တဲ့ ဖိုရမ်ဟာ မဖြစ်မနေကျင်းပသင့်တဲ့ ဖိုရမ်တစ်ခုလို့မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ နေထိုင်ကြသူတွေအတွက် အစားအစာတွေက သန့်ရှင်းလတ်ဆတ်ပြီး အာဟာရနဲ့ပြည့်စုံမှ နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ကျန်းမာမှာဖြစ်ပါတယ်။ ကျန်းမာမှ အလုပ်ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ပါမယ်။ ဒါကြောင့် ဖိုရမ်ကိုကျင်းပသင့်တယ်လို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ့်နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဥယျာဉ်၊ ခြံကထွက်တဲ့ အသီးအနှံတွေ အများကြီးရှိပါတယ်။ သား၊ ငါး ကဏ္ဍကထွက်တဲ့ အစားအသောက်တွေလည်းရှိပါတယ်။ ဒီလိုပြည်တွင်းမှာရှိတဲ့ ထွက်ကုန်ပစ္စည်းတွေကို ကိုယ့်နိုင်ငံသားတွေ လုံလုံလောက်လောက် စားသောက်နိုင်အောင် ထုတ်လုပ်ရောင်းချ ခြင်းဖြစ်ပါတယ်။ အဓိက ပြည်တွင်းကုန်ကြမ်းကိုအသုံးပြုပြီး ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းလည်းဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသားတွေ အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်ကိုစားနိုင်ဖို့ ဒီကဏ္ဍကအရေးကြီးဆုံးပါပဲ။

အခုဆို ဖိုရမ်ရဲ့ဆွေးနွေးပွဲမှာ အစိုးရဘက်ကလည်းဆွေးနွေးတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း မိမိတို့လက်ရှိ ထုတ်လုပ်နေတဲ့ကုန်ပစ္စည်း တွေအပေါ်မှာ ဆွေးနွေးကြတယ်။ လုပ်ငန်းရှင်တွေ ဘက်ကလည်း သူတို့ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံ့ကိုယ်စားပြုပြီး ထုတ်လုပ်ချင်ကြတယ်။ သို့သော် ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိရင်လည်း ဒီဖိုရမ်ဆွေးနွေးပွဲတွေမှာ တင်ပြကြပါတယ်။ ဒီလိုတင်ပြချက်တွေအပေါ်မှာ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အကောင်းဆုံးနည်းလမ်းတွေနဲ့ နိုင်ငံကိုအကျိုးရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဖိုရမ်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ့အတွက် ကောင်းကျိုးတွေ အများကြီးဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေက အားလုံးသဘာဝပစ္စည်းတွေ ဖြစ်ပါတယ်။ ဘာမှပြောင်းလဲမှုမရှိပါဘူး။ ဒါကိုအကျိုးရှိရှိ အသုံးပြုပြီး ပြည်သူလူထုတစ်ရပ်လုံး စားဝတ်နေရေး ပြေလည်အောင်လုပ်ပေးနိုင်မယ်။ နောက်ပြီး နယ်စပ်က တရားမဝင် ဝင်ရောက်လာမှုတွေကိုလည်း အခုလို ဖိုရမ်ကျင်းပခြင်းအားဖြင့် သိရှိပြီး တာဝန်ရှိသူတွေက စနစ်တကျ ထိန်းသိမ်းပေးမယ်ဆိုရင် ပြည်တွင်းထုတ်လုပ်နေတဲ့ MSME စက်မှုလုပ်ငန်းတွေက ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဖိုရမ် နောက်ထပ်အောင်မြင်စွာကျင်းပနိုင်ဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဦးရဲမြတ်ထူး (အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း)

ဒီဖိုရမ်ကို တက်ရောက်ဖြစ်တဲ့အကြောင်းကတော့ မြန်မာ့စားသောက်ကုန်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ဘယ်လိုအထောက်အကူပြုမလဲဆိုတဲ့အတွေးနဲ့ လာရောက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ဖိုရမ်မှာ အစေ့အဆန်၊ အနှံနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီပွဲကြီးပြီးသွားရင် ဆောင်ရွက်ရမယ့်အချက် တွေအများကြီးရှိပြီး ဆွေးနွေးမှုတွေကတစ်ဆင့် ရလဒ်တွေလည်း ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီရလဒ်တွေထွက်လာရင်လည်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားရပါမယ်။ အခုလို ဖိုရမ်ကျင်းပပေးတဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့ အလွန်ကိုအားရပါတယ်။ ဖိုရမ်မှာ ကဏ္ဍပေါင်းစုံ၊ ဌာနဆိုင်ရာပေါင်းစုံနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုဖိုရမ်အပြင် တခြားစားသောက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

မအေးအေးဝင်း (စားသောက်ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် ပါဝင်ဆွေးနွေးသူ)

ကျွန်မအနေနဲ့ကတော့ ဖိုရမ်မှာ ဟင်းသီးဟင်းရွက်ထုတ်ကုန်များကဏ္ဍအနေနဲ့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဒီဖိုရမ်ကြီးမှာ စားသောက်ကုန်ထုတ်လုပ် တဲ့သူတွေ၊ စားသုံးသူတွေအထိ အသိပညာပေးရေးကိစ္စရပ်တွေ၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ စားသောက်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ အားသာချက်တွေ၊ စိန်ခေါ်မှုတွေ၊ တိုးချဲ့နိုင်မယ့်ဈေးကွက်တွေကို အပြန်အလှန်ဖလှယ်ခွင့်ရပြီး နိုင်ငံတော်အဆင့်အထိ တင်ပြခွင့်ရခဲ့တာဖြစ်တဲ့အတွက် ကျွန်မတို့စားသောက်ကုန်ကဏ္ဍအတွက် များစွာတိုးတက်လာပြီး အခွင့်အလမ်းတွေ များစွာရရှိလာမယ်လို့လည်း မြင်မိပါတယ်။ ပြပွဲမှာဆိုရင်လည်း လုပ်ငန်းရှင်တွေအကြား အပြန်အလှန် ချိတ်ဆက်မှုတွေရရှိခဲ့ပါတယ်။ နောက်ပြီး ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ ရရှိနိုင်မယ့်မျိုးစေ့တွေ၊ နိုင်ငံအတွက် တစ်နေရာတည်းမှာ အရည်အသွေးကောင်းမွန်တဲ့ကုန်ကြမ်းတွေ၊ စားသုံးသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်တွေဖြစ်ပေါ်ဖို့ ဆောင်ရွက်နိုင်ခဲ့တဲ့ ဖိုရမ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဖိုရမ်ကြောင့် မြန်မာ့ဈေးကွက်အပြင် ကမ္ဘာ့ဈေးကွက်တွေအထိပါ တင်ပို့မှုတွေ ပိုမိုတိုးတက်လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။