နေပြည်တော် ဖေဖော်ဝါရီ ၂၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
ဦးစွာ နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးက နိုင်ငံတော်ပိုင်အဆောက်အအုံ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အအုံ၊ ရုံးများကို သဘာဝဘေးအန္တရာယ်နှင့် ပေါ့ဆမီးများကြောင့် ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် ပျက်စီးမှုများမှ အမြန်ဆုံးတားဆီး ကာကွယ်ပေးနိုင်ရန် မိမိတို့မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်တစ်ခုဖြစ်သည့် မြန် ၃ မြန် (မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်သတ်) ဆိုသည့်အတိုင်း လိုက်နာကျင့်သုံးလျက်ရှိကြောင်းပြောကြားပြီး ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရေးအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် နည်းလမ်းများ၊ အမြန်ဆုံးတားဆီးကာကွယ်နိုင်စေရေးအတွက် အသုံးပြုလျက်ရှိသည့် နည်းလမ်းများ၊ System များ၊ စောင့်ကြည့်ကင်မရာများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း စစ်ဆေးနည်းနှင့်အသုံးပြုနည်းများအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
လက်တွေ့လေ့ကျင့်
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလက်တွေ့သင်ကြားပေးခဲ့သည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများက သရုပ်ပြလက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်