နေပြည်တော် ဖေဖော်ဝါရီ ၂၀
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ဦးစီးရုံးချုပ်ရုံးအမှတ် (၃၉) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကိုဖွင့်လှစ်ပေးပြီး ဦးစီးဌာန၊ လုပ်ငန်းနှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း၏ ထမနဲထိုးယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ် ရေးလုပ်ငန်းအသင်းကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဒုတိယဆုရရှိသော မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအသင်းကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယဆုရရှိသော မြေတိုင်းဦးစီးဌာနအသင်းကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများအား နှစ်သိမ့်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်