ရန်ကုန် ဖေဖော်ဝါရီ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပုသိမ်မြို့ပေါ်ရှိ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
ပြောကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အတန်းတင်စာမေးပွဲများကျင်းပလျက်ရှိပြီး မကြာမီတက္ကသိုလ်ဝင် စာမေးပွဲများကျင်းပတော့မည်ဖြစ်ရာ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများအနေဖြင့် စာမေးပွဲကာလအတွင်း ထူးခြားဖြစ်စဉ်များဖြစ်ပွားပါက သက်ဆိုင်ရာသို့ အဆင့်ဆင့် ချက်ချင်းတင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျောင်းသားကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး ဆရာဆရာမများဖြစ်လာပါက စေတနာကိုအရင်းခံပြီး မိမိတို့၏ တပည့်များအပေါ်တွင် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးနိုင်သော မြင့်မြတ်သည့်ဆရာများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံကာ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုရာ၌ မေးခွန်းများ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာစစ်ဌာနများသို့ လှည့်လည်စစ်ဆေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်