နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Burmese Golf (BG) မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ပြိုင်ပွဲများ၏ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ပြုလုပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဗဟိုအလုပ်အမှုဆောင်နှင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကိုဇော်၊ ရန်ကုန်ဂေါက်ကွင်းအတွင်းရေးမှူး ဦးခင်မောင်တင့်နှင့် အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။
ယနေ့ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (အမျိုးသား) ၁၄၇ ဦး၊ ဝါသနာရှင်အဆင့် သက်ကြီးတန်း (အသက်၅၅) နှစ်နှင့်အထက် ၂၇ ဦး စုစုပေါင်းအားကစားသမား ၁၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်