Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်တိုင်းအတွင်းရှိ သတင်းစာဆရာများ တွေ့ဆုံ

ရန်ကုန် ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းစာဆရာများတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ်၊ သွေးဆေးကန်အနောက်ဘက်ရှိ ကြီးငါးကြီး ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။ အခမ်းအနားမှူးအဖြစ် သူဇာနွယ် (ဖျာပုံ) က ဆောင်ရွက်သည်။

ရှေးဦးစွာ သတင်းမီဒီယာကောင်စီဝင် ဦးတင်ဝင်း (တင်ဝင်းလေး - ကြည့်မြင်တိုင်) က တက်ရောက်လာသည့် သတင်းမီဒီယာကောင်စီများနှင့် သတင်းစာဆရာများကို မိတ်ဆက်ပေးသည်။

ဆက်လက်၍ သတင်းစာဆရာဦးထွန်းရင် (မျိုးထွန်းငြိမ်း) က မုဒိတာစကားပြောကြားပြီး သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်မောင်ကျော်ဒင်က လက်ရှိမီဒီယာကောင်စီ၏ ဆောက်ရွက်နေမှု ကိစ္စအဝဝနှင့် ရှေ့ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းစာဆရာများက သိလိုသည်များကို မေးမြန်းရာ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) က ပြန်လည်ဖြေကြားပေးသည်။ တင်ဝင်းလေး (ကြည့် မြင်တိုင်) က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲသို့ သတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်မောင်ကျော်ဒင် (ကြေးမုံ သတင်းစာ စာတည်းမှူးချုပ်-ငြိမ်း)၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးလှထွဋ် (ကာတွန်းလှထွဋ်ဦး)၊ အတွင်းရေးမှူး(၂) ဦးရဲမင်းစိုး (မောင်မောက်-ဝတ်လုံ)၊ စာရင်းစစ် ဦးစိန်တိုး (ဆန်းလင်း)၊ အဖွဲ့ဝင် ဦးဥက္ကာအေးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သတင်းစာဆရာများအပြင် အထူးဖိတ်ကြားထားသော ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ သတင်းစာဆရာများ တက်ရောက်ကြသည်။

သျှင်ဝင်းသျှင်