နေပြည်တော် ဖေဖော်ဝါရီ ၂၄
မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ သေဆုံးသွားခဲ့ပြီး စစ်တပ်က သတင်းမပေါက်ကြားရန် ဖုံးကွယ်ထားသည်ဟု Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန် စွပ်စွဲရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။
အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများရှိပြီး အကျဉ်းသူ မစန်းရီသည် အကြမ်းဖက် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ကို မန္တလေးဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်။
ယင်းအကျဉ်းသူသည် အကျဉ်းထောင်သို့မရောက်ရှိမီ ပြင်ပ၌နေထိုင်စဉ်ကတည်းက အစာအိမ်ရောင်ရောဂါ၊ သွေးတိုးရောဂါခံစားနေရသူဖြစ်ပြီး သွေးတိုးရောဂါအတွက် သွေးကျဆေး ပုံမှန်သောက်သုံးနေရသူဖြစ်သော်လည်း လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကာ အကျဉ်းထောင်အမျိုးသမီးဆောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့်အတွက် ဖေဖော်ဝါရီ ၁၀ ရက်က အကျဉ်းသူ မစန်းရီ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတို့ဖြင့် သေဆုံးသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးမကောင်းသည့် အကျဉ်းသားများကို အကျဉ်းထောင်ဆရာဝန်၊ ကျန်းမာရေးမှူးများဖြင့် ဆေးဝါးကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများကို ဝယ်ယူဖြည့်တင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိသားစုဝင်များက အကျဉ်းသားများအတွက် ဆေးဝါးများ လာရောက်ပေးအပ်ပါက အကျဉ်းထောင် ဆရာဝန်က စိစစ်လက်ခံ၍ ကြီးကြပ်မှုဖြင့် သောက်သုံးစေလျက်ရှိကြောင်း၊ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ လစဉ်ကျန်းမာရေးစစ်ဆေးကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး လိုအပ်ပါက ပြည်သူ့ဆေးရုံကြီးများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပို့ပြသကုသပေးလျက်ရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page က ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံ ရေးသားထားခြင်းသာဖြစ်သည်။
လင်းလင်း