နေပြည်တော် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးတို့နှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်တွင် မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူငယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြားကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ စတိုဆောင်၊ စာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ နည်းပြများနှင့် သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာသင်တန်းသူများ၏ လက်ရာများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းကျောင်း၏ အပ်ချုပ်ဆိုင်တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြောင်းမြမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပုသိမ် - မြောင်းမြ - လပွတ္တာ ကားလမ်းနှင့် သိလ္လာချောင်းဖျားကျေးရွာ ဆက်သွယ်သည့် ကျောက်ချောလမ်း ၁ မိုင် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားကာ သိလ္လာကျေးရွာဒေသခံပြည်သူများ တင်ပြသည့် ကျေးရွာရေရရှိရေး၊ ဆိုလာမီးတပ်ဆင်ပေးရေးနှင့် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် ဆိုလာမီးတပ်ဆင်ပေးရန် ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် လပွတ္တာမြို့ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး လက်ကိုင်ဖုန်းပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းများတွင် ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်သင်ကြားနေမှုနှင့် သင်တန်းသားများ၏ စားသောက်နေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းကျောင်းနှစ်ကျောင်းမှ ဝန်ထမ်းများ၊ နည်းပြများနှင့် သင်တန်းသား သင်တန်းသူများကို တွေ့ဆုံအမှာစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ လက်တွေ့သင်ကြားနေမှု၊ မော်တာဆောင်၊ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာ၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းကျောင်း၏ အပ်ချုပ်ဆိုင်နှင့် ဂါလန်နှစ်သိန်းဆံ့ ရေလှောင်ကန်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိပြီး ဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများနှင့်တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြားရေးဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားမှု၊ ပါမောက္ခ/ဌာနမှူးများက သင်ကြားရေးဆိုင်ရာ လိုအပ်ချက်ရှိသည်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စာသင်ဆောင်များ၊ မနုဿဗေဒပြခန်း၊ အင်ဂျင်နီယာအလုပ်ရုံ၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရိုင်ရုံးသိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိသော ယာဉ်၊ ယန္တရားကြီးများအသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေ၊ ထောက်ပံ့ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယာဉ်၊ ယန္တရားကြီးများ ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းထားရှိမှု၊ ပြင်ဆင်ပြီး ယာဉ်၊ ယန္တရား ဂိုဒေါင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်