နေပြည်တော် ဖေဖော်ဝါရီ ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၁) နေပြည်တော်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သောကြောင့် နိုင်ငံသားတိုင်းသိရှိလိုက်နာစောင့်ထိန်းရမည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ပြီး ချမှတ်ပြဋ္ဌာန်းထားသည့် ဥပဒေအသိပညာများကို သိရှိရန် လိုအပ်ရုံသာမက ဥပဒေဆိုင်ရာသဘောတရားများ သိရှိနားလည်ပြီး လေးစားလိုက်နာတတ်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ “ဥပဒေ ကိုမသိ၍ ကျူးလွန်ခဲ့သည်”ဟူသော အဖြစ်မျိုးမဖြစ်စေရေးအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတရှိစေရန် လိုအပ်သည့်အတွက် အခြေခံအားဖြင့် သိသင့်သိထိုက်သော ဥပဒေများ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို သိရှိစေရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီ ၈ ရက်အထိ သင်တန်းသား သင်တန်းသူ ၄၀ အား (In person/ Online) စနစ်ဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်