နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Amara Fantastic Hall ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၂၁၀၆၊ အပိုဒ်(၁၀)အရ အကောင်အထည်ဖော်ရမည့် အချက်သုံးချက်နှင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကိုယ်စားလှယ်တို့၏ ပူးတွဲကြေညာချက်ပါ ဦးစားပေးကဏ္ဍ (၆)ရပ်အပေါ်မူတည်ပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အသိပညာ၊ ဗဟုသုတများရရှိပြီး လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါကြောင်း။
သင်တန်းတွင်ဆွေးနွေးသည့် ဘာသာရပ်များသည် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ များစွာအထောက်အကူပြုပါကြောင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆရာဖြစ်သင်တန်းဖွင့်လှစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၏ဝန်ထမ်းများကို ဆင့်ပွားသင်တန်းပေးရန် စီစဉ်ထားကြောင်း ပြောကြားသည်။
သင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ သင်တန်းသား သင်တန်းသူ ၃၀ ပါဝင် တက်ရောက်ကြပြီး သင်တန်းကာလ သုံးရက်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်