ရန်ကုန် မတ် ၃
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက်အောင်မြင်ကြောင်းနှင့် ယနေ့ဖြန့်ဝေဆက်ကပ်ထားသောအစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာနှင့်ပတ်သက်၍ ဝိနိစ္ဆယရေးရာကဏ္ဍတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရဘဒ္ဒန္တဝိရောစန၊ ရွှေကျင်ဂိုဏ်းကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရ၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာဝုဓတို့ကလည်းကောင်း၊ သာသနာရေးရာကဏ္ဍတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဉာဏိက၊ မဟာဒွါရဂိုဏ်းကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် သာသနဓဇဓမ္မာစရိယ ဝိနယဓရ ဝိနယဝိဒူ ဘဒ္ဒန္တမေတ္တာနန္ဒ၊ မွန်ပြည်နယ်ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒတို့ကလည်းကောင်း၊ ပညာရေးရာကဏ္ဍတွင် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒဝံသ၊ အနောက်ချောင်းဒွါရဂိုဏ် ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣဒ္ဓိဉာဏာဘိဝံသ၊ ရှမ်းပြည်နယ်ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကလျာဏတို့ကလည်းကောင်း ဆွေးနွေးတော်မူကြပြီး နံနက်ပိုင်းအစည်းအဝေးကို ရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပရာ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များ ဖြစ်ကြသော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇနှင့် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာစရိယတို့က ပြန်လည်ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် လုပ်ထုံးလုပ်နည်းစသည်များ စိစစ်ပြင်ဆင်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စကို အခမ်းအနားမှူးဆရာတော်က လျှောက်ထားပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက ပြန်လည်ရှင်းလင်းလျှောက်ထား၍ အတည်ပြုချက်ရယူပြီး ဒုတိယနေ့ အစည်းအဝေးကို ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာဆွမ်းအလှူရှင်အဖြစ် ကွယ်လွန်သူ ဗိုလ်ကြီးတင်ဌေး (ငြိမ်း) အား ရည်စူး၍ ဇနီး ဒေါ်တိုးတိုး၊ သား-ဦးကျော်ဖုန်းဝင်း (အကောက်ခွန်မှူး) ၊ ဦးမျိုးကျော်ကျော် (သသန)+ ဒေါ်အိသူဇာကို (သသန)၊ မြေး - မယွန်းပန်းမြတ်ဟေသီ၊ မောင်ကျော်ဇင်ဟိန်းမိသားစုက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်