Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရိုးမရိပ်သာအိမ်ရာ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ရိုးမရိပ်သာအိမ်ရာအဆောက်အအုံ ၃၅ လုံး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အိမ်ရာဝင်းလုံခြုံရေး ဆောင်ရွက်ထားရန်၊ သတ်မှတ်ရက်အမီပြီးစီးစေရေး၊ နေထိုင်သူပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန်နှင့် Cover Market အချိန်မီဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ အိမ်ရာစီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက အဆောက်အအုံအား အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုသာ အသုံးပြုရန်နှင့် လက်ရာလက်သား ကောင်းမွန်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးကာနီးပြီဖြစ်၍ အိမ်ရာစီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာမှူးကြီးက အိမ်ရာစီမံကိန်းလုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများ၊ မြေညီထပ်တွင် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အိမ်ခန်းနေရာချထားမှုများ၊ အိမ်ရာအတွင်း နေ့ကလေးထိန်းကျောင်းနှင့် ဆေးခန်းတည်ဆောက်မည့်အစီအမံများကိုလည်းကောင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်မှ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက အိမ်ရာစီမံကိန်းဆိုင်ရာအခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်