နေပြည်တော် မတ် ၇
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် မင့်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လွှတ်တော်ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမျိုးသားလွှတ်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လိုက်လံရှင်းလင်းပြသသည်။
နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်ရေး
ဆက်လက်၍ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ လာရောက်လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ဘယ်လာရုစ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်