နေပြည်တော် မတ် ၇
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကော်မရှင်အဖွဲ့သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော သင်တန်းသူများကို ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊ ပြင်ပအလုပ်လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့်အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်