Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး

ရန်ကုန် မတ် ၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဘဏ်များအသင်းရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အဂတိလိုက်စားမှုပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးအမျိုးဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူ အများစုသည် အဂတိလိုက်စားမှုမှရရှိလာသည့် ငွေကြေးနှင့်ပစ္စည်းများကို အသွင်ပြောင်းပြီး ဘဏ်များတွင် အပ်နှံခြင်း၊ လွှဲပြောင်းပေးပို့ခြင်းများ လုပ်ဆောင်ကြလေ့ရှိပါကြောင်း။

ဘဏ်လုပ်ငန်းကဏ္ဍတွင် တွေ့ကြုံနိုင်သည့် အဂတိလိုက်စားမှုပုံစံများအနေဖြင့် ချေးငွေလိမ်လည် လျှောက်ထားမှုများတွင် တိကျသေချာစွာ စိစစ်မှုမရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ Customer များထံမှ အခကြေးငွေရယူ၍ စာရွက်စာတမ်းများကို ကူညီဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များကို ကျော်လွှားနိုင်ရေးအတွက် အကြံဉာဏ်ပေးခြင်း၊ လုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များက တရားမဝင်ရရှိလာသည့် ငွေကြေးများကို ငွေဖြူအဖြစ်ပြောင်းလဲရန် တရားဝင်ဆောင်ရွက်နေသည့် ဘဏ်လုပ်ငန်းများတွင် အပ်နှံခြင်းတို့ကို တွေ့ကြုံနိုင်ကြောင်း။

ဆန်းစစ်သုံးသပ်

ထို့အတူ လူပုဂ္ဂိုလ်တစ်ဦးတည်းက ငွေကြေးများကို ခြေရာဖျောက်ရန် ရည်ရွယ်ချက်ဖြင့် ဘဏ်တစ်ခုတွင် ငွေစာရင်းအမှတ် များစွာဖွင့်၍လည်းကောင်း၊ အခြားဘဏ်များတွင် ငွေစာရင်းများ ဖွင့်၍လည်းကောင်း ငွေကြေးဆိုင်ရာအစိုးရဝန်ထမ်းများကို မျက်ခြည်ဖြတ်ခြင်း စသည့်ပုံစံများလည်း တည်ရှိနိုင်ကြောင်း၊ ထို့ကြောင့် ဘဏ်လုပ်ငန်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ကျင့်ဝတ်စည်းကမ်းဆိုင်ရာစံနှုန်းများ မြင့်မားစွာချမှတ်ထားရန်၊ လိုက်နာဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်တွင် အပြန်အလှန် ထိန်းကျောင်းမှုစနစ်နှင့် ချမှတ်ထားသည့် စည်းမျဉ်းများအပေါ် ပြန်လည်ဆန်းစစ်သုံးသပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေး

ထို့နောက် မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေး ကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်