Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ MSME လုပ်ငန်းရှင်ကိုးဦးထံ နည်းပညာလွှဲပြောင်းပွဲ တက်ရောက်

နေပြည်တော် မတ် ၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) မှ MSME လုပ်ငန်းရှင်ကိုးဦးထံ နည်းပညာလွှဲပြောင်းပေးအပ်ပွဲနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် ပူးပေါင်းဆောင်ရွက်သော အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာဆိုင်ရာ အသိပညာပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ နည်းပညာရှင်များ၊ ပြင်ပစက်မှု လက်မှုနှင့် စားသောက်ကုန်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယနေ့တွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကျင်းပခဲ့သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တောင်းခံထားသော နည်းပညာ ၅၀ အနက် ငါးခု အပါအဝင် နည်းပညာ ၁၈ ခုကို MSME လုပ်ငန်းရှင်ကိုးဦးထံ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လွှဲပြောင်းပြီး နည်းပညာအရေအတွက်မှာ ၂၀၂၁ ခုနှစ်အထိ ၂၈ ခုသာရှိရာမှ ယနေ့အထိ ၁၁၉ ခုရှိလာပြီဖြစ်၍ နှစ်အနည်းငယ်အတွင်း နည်းပညာ ၉၁ ခုအထိ တိုးမြှင့်လွှဲပြောင်းပေးနိုင်သည်ကို တွက်ဆကြည့်ပါက နိုင်ငံတော်မှအားပေးပံ့ပိုးမှုများ၊ ဌာနများနှင့် ပြင်ပအဖွဲ့အစည်းများနှင့် MSME လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အထင်အရှားဖြစ်ကြောင်း၊ သွင်းကုန်အစားထိုး ပို့ကုန်ကဏ္ဍမြှင့်တင်ကာ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် MSME ကဏ္ဍ ဖွံ့ဖြိုးရေး အရှိန်အဟုန်မြှင့်တင်နိုင်ရေး ဆက်လက်တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် MSME လုပ်ငန်းရှင်များထံ နည်းပညာများ လွှဲပြောင်းပေးအပ်ပြီး MSME လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ခင်းကျင်းပြသထားသော MSME ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာဆိုင်ရာ အသိပညာပေးပွဲကို ဆက်လက်ကျင်းပရာ ပြည်တွင်းနှင့်နိုင်ငံတကာမှ နည်းပညာရှင်များက ဟောပြောရှင်းလင်းကြကာ MSME လုပ်ငန်းရှင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်