Skip to main content

အရင်းအမြစ်များ ထိရောက်စွာအသုံးချ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေး ကြိုးပမ်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အရင်းအမြစ်များ လုံလောက်စွာရှိနေရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များ ပေါများကြွယ်ဝသော်လည်း နည်းပညာ၊ အရင်းအမြစ်နှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များရှိနေသောကြောင့် ဖူလုံပိုလျှံအောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးသဖြင့် လျှပ်စစ်ကို အလှည့်ကျပေးဝေနေရခြင်း၊ စက်သုံးဆီကို ပြည်ပမှတင်သွင်းခြင်းတို့ ပြုလုပ်လျက်ရှိသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် တာဝါတိုင်တစ်တိုင် ပျက်စီးခဲ့ခြင်းနှင့် ဓာတ်အားလိုင်းကြိုး ၂၆ နေရာ ပြတ်ကျခဲ့ခြင်းကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စက်တပ်ဆင်ဝန်အားမဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မှုကျဆင်းခဲ့သဖြင့် ပြည်သူလူထုဓာတ်အားရရှိမှု လျော့နည်းခဲ့သည်။ နိုင်ငံအတွင်း ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ ရာဂီသဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပေးစက်ရုံများ ချွတ်ယွင်းမှုဖြစ်ခြင်းနှင့် ဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် နိုင်ငံတော်ဓာတ်အားပေးစနစ်အတွင်း စုစုပေါင်းထုတ်လုပ်မှု မဂ္ဂါဝပ် ၁၄၄၀ လျော့နည်းခဲ့သည်။

ပြည်သူလူထု လျှပ်စစ်ဓာတ်အားလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားလိုင်းပြုပြင်ရေးအဖွဲ့များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစ၍ သုံးလတာကာလအတွင်း ပြုပြင်ရေးလုပ်ငန်းများကို သက်စွန့်ဆံဖျား အပင်ပန်းအဆင်းရဲခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားများ ပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီး အများပြည်သူသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ကာလတိုအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်ရေးကို နိုင်ငံတော်အကြီး အကဲလမ်းညွှန်ချက်ဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို နိုင်ငံတော်ဓာတ်အားစနစ်တွင် ချိတ်ဆက်ပေးခြင်းအပြင် ဝေးလံသည့်ကျေးလက်ဒေသများအတွက် ဓာတ်အားစနစ် သီးခြားဆောင်ရွက်သွားနိုင်ရန် နိုင်ငံတော်က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် တင်သွင်းလာသည့်ပစ္စည်းများ အရည်အသွေးကောင်းမွန်ခြင်းရှိ/မရှိ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးကြပ်မတ်ရန် လိုသလိုတပ်ဆင်ခြင်း၊ ဓာတ်အားထုတ်ယူသုံးစွဲခြင်းများကိုလည်း သတ်မှတ်ထားသည့် နည်းပညာပိုင်းဆိုင်ရာ စံပြုလုပ်ငန်းစဉ် (SOP) စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လိုသည်။ စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဓာတ်အားထုတ်လုပ်မှုအတွက် ဖြန့်ဖြူးပေးနေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ကို ယခင်ခွဲတမ်းထက် တစ်ရက်လျှင် ကုဗပေသန်း ၃၀ ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားမဂ္ဂါဝပ် ၁၁၀ ခန့် ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သည်။

သဘာဝဓာတ်ငွေ့သည် လျှပ်စစ်ကဏ္ဍအတွက်သာမက စက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအပါအဝင် ထုတ်လုပ်ရန်အတွက်ပါ အသုံးပြုနေသည့် မဟာဗျူဟာမြောက် လောင်စာဖြစ်သောကြောင့် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေသည်။ တစ်ဖက်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေသလို ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များ ရှာဖွေဖော်ထုတ်နိုင်ရေးကိုလည်း ဦးစားပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက်သွားရန်လိုသည်။ ယခင်က ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်ဒေသများတွင် စွမ်းအင်ဝန်ကြီးဌာနက နည်းပညာဆိုင်ရာစီမံကြီးကြပ်ကာ စံသတ်မှတ်တွင်းတူးဖော်သည့်စနစ်ဖြင့် ခွင့်ပြုလုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ လက်ရှိ ကမ်းလွန်စီမံကိန်းများမှ ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပြီး စီမံကိန်းအသစ်များကို ရည်မှန်းချက်အတိုင်းစတင်နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

လက်ရှိတွင် ရေနံချက်စက်ရုံများကို အဆင့်မြှင့်တင်မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ပြီး အရည်အသွေးပြည့်ဝသည့် စက်သုံးဆီများကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကသွင်းအားစုဖြစ်သည့် အရည်အသွေးပြည့်မီသည့် ဓာတ်မြေဩဇာများကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ ကြံ့ခိုင်မှုပြည့်ဝရေး၊ ယိုစိမ့်လေလွင့်ဆုံးရှုံးမှုမရှိစေရေး သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအနေအထားအရ သဘာဝအရင်းအမြစ်မျိုးစုံကြွယ်ဝသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်ကြိုးပမ်းမှုများနှင့် လမ်းညွှန်မှာကြားချက်များအတိုင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာအသုံးချပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း လက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။