Skip to main content

မြန်မာ - ရုရှား နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် နိုင်ငံအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာရရှိလာတော့မှာ ဖြစ်ပါတယ် - ဦးဇော်ဇော်နိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သောအဖွဲ့သည် မတ် ၃ ရက်မှစတင်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးများ သွားရောက်ခဲ့သည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်များအတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြရာ ၎င်းတို့နှင့်တွေ့ဆုံ၍ ချစ်ကြည်ရေးခရီးစဉ်များအတွင်း မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဝမ်းသာပီတိစကားသံများကို ရေးသားဝေမျှလိုက်ရပါသည်။

ဦးဇော်ဇော်နိုင် (ဥက္ကဋ္ဌ၊ မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း)

ဒီနေ့ကတော့ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာချုပ်များစွာချုပ်ဆိုပြီး ပြန်လာတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီစာချုပ်တွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိကြပါလိမ့်မယ်။ ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတွေဟာ ကမ္ဘာမှာနည်းပညာမြင့်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒီလိုနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ကျွန်တော်တို့နိုင်ငံအတွက် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခဲ့တယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်မှုတွေကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ကနေ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်။ ဒီလိုကြိုဆိုခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

ဒေါ်နီနီအောင် (ဒေသခံပြည်သူ)

ကျွန်မကတော့ ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ကနေ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့ကို လာရောက်ဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားနိုင်ငံကို သွားတဲ့အချိန်ကစပြီး ရုပ်မြင်သံကြားကနေ အမြဲမပြတ်စောင့်ကြည့်နေခဲ့ပါတယ်။ နောက်ပြီး ရုရှားနိုင်ငံက ခေါင်းဆောင်နဲ့ ကျွန်မတို့နိုင်ငံအကြီးအကဲနဲ့ တွေ့ဆုံတဲ့အချိန်မှာ နိုင်ငံအတွက်လည်း အများကြီးဂုဏ်ယူမိခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်မှုများစွာရှိလာတော့မယ်လို့ ခံစားမိပါတယ်။ ဒီနေ့မှာ ဝမ်းသာပီတိအပြုံးတွေနဲ့အတူ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်။

ဒိန်းဒေါင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး-ဗဟို)

နိုင်ငံတော်ဝန်ကြီးချုပ်ကြီး နိုင်ငံခြားခရီးစဉ်သွားတဲ့သတင်းကို အမြဲကြည့်ဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကြီးရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို ကျွန်တော်သိထားတဲ့ အသိအမြင်လေးနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ မကြာခင် အလွန်တရာဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်လာမယ်လို့ မြင်မိပါတယ်။ နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းလာမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် ဝမ်းပန်းတသာနဲ့ လာရောက်ဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်းသာယာဝပြောပြီး တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းပြီး အလုံးစုံချမ်းသာကြွယ်ဝမှုပြည့်စုံမှုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

ဒေါ်နန်းခင်မွှေး (စည်းရုံးရေးမှူး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး-ဗဟို)

ကျွန်မတို့သဘင်အစည်းအရုံးအနေနဲ့ မြန်မာ-ရုရှားချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေလို့ ဆုမွန်ခြွေဖို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ကြီးရဲ့ခရီးစဉ်တွေကို ရုပ်မြင်သံကြားကနေ ကြည့်ဖြစ်ခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ အံ့ဩဝမ်းသာမိပါတယ်။ ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ဒါကြောင့် သဘင်အစည်းအရုံးမိသားစုတွေအနေနဲ့ ဂုဏ်ပြုကြိုဆိုကြဖို့ ကြိုးစားပြီး လာရောက်ကြခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။

နောင်တော်လေး (အယ်ဒီတာချုပ်၊ Myanmar National Post)

ကျွန်တော့်အနေနဲ့ ဒီနေ့ကြိုဆိုပွဲကို မီဒီယာသမားတစ်ယောက်အနေနဲ့ရော သီးခြားဂုဏ်ပြုတဲ့အနေနဲ့ပါ ဝမ်းမြောက်ဝမ်းသာ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ရလဒ်တွေကို ကြည့်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို သွားတုန်းကလည်း နှစ်နိုင်ငံအကျိုးစီးပွားအတွက် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တယ်။ အခုဒီခရီးစဉ်ကျတော့ ပိုပြီးထူးခြားလေးနက်ပါတယ်။ ခရီးစဉ်မှာ ရလဒ်ကောင်းတွေရခဲ့တာဖြစ်တဲ့အတွက် နိုင်ငံရဲ့အနာဂတ်အတွက် အများကြီးမျှော်လင့်လို့ရခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေက ဒီလိုမျိုးရှေ့ကနေ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်နေပါတယ်။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေရော ပြည်သူတွေကပါ ဒီအပေါ်မှာ တစ်သွေးတည်းတစ်သားတည်းဖြစ်ရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။

ဦးအောင်ကျော်စိုးမိုး (ဦးစီးအရာရှိ၊ ကာကွယ်ရေးဝန်ကြီးဌာန)

ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့ကို ချစ်ကြည်ရေးခရီးသွားရောက် တွေ့ဆုံပြီး ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ရလဒ်တွေကို ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာစွာနဲ့ လာရောက်ကြိုဆိုတာဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အထောက်အကူပြုစေမယ့် MoU လက်မှတ်တွေကို ရေးထိုးနိုင်ခဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ အခုလိုနိုင်ငံတော်အဆင့် ကြိုဆိုခွင့်ရတဲ့အတွက်လည်း ဝန်ကြီးဌာနကိုယ်စား တာဝန်ကျေတယ်လို့ ခံစားမိပါတယ်။

တွေ့ဆုံမေးမြန်- မျိုးဆက်သစ်

ဓာတ်ပုံ- ကိုကျော်ထိန်အေး