Skip to main content

မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၇ ရက် မွန်းလွဲ ၃ နာရီတွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ ရပ်ကွက် (၅) ရှိ မအီစိန်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၁၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၂၀ ဒသမ ၅ သိန်း) ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် နံနက် ၉ နာရီခွဲတွင် တာချီလိတ် မြို့နယ် မိုင်းဖုံး (ခ) ကျေးရွာအုပ်စု ပါခုတ်ကျေးရွာအနီးတွင် သက်နိုင်ဝင်း(ခ)ကိုသက် မောင်းနှင်လာသည့် HONDA INSIGHT အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၆၈ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၈ ရက် နံနက် ၅ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေရွာအနီး HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၅၀)ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်