နေပြည်တော် မတ်လ ၁၀
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး) မှ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) များပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေး၍ လိမ်လည်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့အပေါ် ယုံကြည်ခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန်လျှောက်ထားရာတွင် စာရွက်စာတမ်းများ၊ ဘွဲ့လက်မှတ်များမှာ တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့်အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ကေဇင်ထွန်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆေးတက္ကသိုလ် (မန္တလေး) ၌ ပညာသင်ကြားခဲ့ပြီး ကလေးဆေးရုံကြီး (မန္တလေး) နှင့် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးတို့တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး) မှ ဆေးပညာဘွဲ့လက်မှတ်ရရှိခဲ့ပြီး ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိဘဲ ပြည်ပသို့ တရားမဝင်ထွက်ခွာသွားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Disloyal Civil Servant-DCS) ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်အဖြစ်မှထုတ်ပယ်ခံထားရသူ) မှ တရားမဝင်ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်အတွက် တရားမဝင်လျှောက်ထားခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်တွင် ဒူဘိုင်းမြို့ရှိ The Data flow Group Company မှ ကေဇင်ထွန်း၏ ပညာဆက်လက်သင်ကြားရန် လျှောက်ထားမှုနှင့်ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်အား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ် (မန္တလေး) သို့ အကြောင်းကြားလာခဲ့ကြောင်း၊ အဆိုပါယာယီဆေးပညာဘွဲ့လက်မှတ်အား တာဝန်ရှိသူများမှ စိစစ်ခဲ့ရာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး) မှ ထုတ်ပေးသည့် ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ဖြစ်ကြောင်း သိရှိရသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်လက်သတင်းပို့တင်ပြခဲ့ပါသည်။
ကေဇင်ထွန်း၏ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ပြုလုပ်ပေးခဲ့မှုနှင့်ပတ်သက်၍ စိစစ်ရန်အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့ နယ်ရှိရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင် ရှေ့နေလှဝင်း၊ လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင် ဇာနည်လွင် (ခ) လပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးတို့ ၃ ဦးအားလည်းကောင်း၊ မတ်လ ၆ ရက်တွင် Notary ဌာနစိတ်(ရန်ကုန်) မှ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦး၊ ကျောက်တံတားမြို့နယ်ရှိအောင် Notary ဆိုင်ပိုင်ရှင် အေးသီတာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ ၄ ဦးအားလည်းကောင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။
၎င်းတို့၏စိစစ်ရရှိချက်များအရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကေဇင်ထွန်းမှ အိလဲ့လဲ့ထွန်း (Angel Online Notary Service) အား ဆက်သွယ်၍ ၎င်း၏ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး) မှ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) အား Notary (သက်သေခံချက်) ပြုလုပ်ပေးရန် ငွေကြေးပေး၍စေခိုင်းခဲ့ကြောင်း၊ အိလဲ့လဲ့ထွန်းမှ ကေဇင်ထွန်း၏ဘွဲ့လက်မှတ် (အတု) အား Notary (သက်သေခံချက်) ပြုလုပ်ရန်နှင့် Notary ဌာနစိတ် (ရန်ကုန်) မှ ထပ်ဆင့်လက်မှတ်ရရှိရန် ဇာနည်လွင် (ခ) လပြည့် (လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်) အား ငွေကြေးပေး၍ ထပ်မံစေခိုင်းခဲ့ကြောင်း၊ ဇာနည်လွင် (ခ) လပြည့်သည် ၎င်း Notary (သက်သေခံချက်) (အတု) အား ရှေ့နေလှဝင်း (ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင်) ထံသို့ ငွေကြေးပေး၍ ရှေ့နေလက်မှတ်ရေးထိုးစေခဲ့ပြီး အေးသီတာ (အောင် Notary ဆိုင်ပိုင်ရှင်) နှင့်ချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထပ်ဆင့်လက်မှတ်ရရှိနိုင်ရန် ငွေကြေးပေး၍စေခိုင်းခဲ့ကြောင်း၊ အေးသီတာသည် ၎င်း Notary (သက်သေခံချက်) (အတု) အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုတြီဌာနစိတ် (ရန်ကုန်) တွင် လက်မှတ်ရေးထိုးနိုင်ရန် ပွဲစားခိုင်ခိုင် (ထွက်ပြေးတိမ်းရှောင်) အား ငွေကြေးပေး၍စေခိုင်းခဲ့ကြောင်း သိရှိရပါသည်။
ပွဲစား ခိုင်ခိုင် (ထွက်ပြေးတိမ်းရှောင်) သည် ကေဇင်ထွန်း၏ Notary (သက်သေခံချက်) (အတု) အား Notary ဌာနစိတ် (ရန်ကုန်) မှ ထပ်ဆင့်လက်မှတ်ရရှိရန် ရုံးအုပ် မောင်မောင်ချစ်စန်းဦးနှင့် ရုံးအုပ်နိုင်နိုင်လတ်တို့အား ငွေကြေးပေး၍ ဆောင်ရွက်စေခဲ့ကြောင်း၊ ရုံးအုပ် မောင်မောင်ချစ်စန်းဦးနှင့် ရုံးအုပ်နိုင်နိုင်လတ်တို့မှ Notary (သက်သေခံချက်) (အတု) အား ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးထံသို့ ဆက်လက်တင်ပြခဲ့ကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးမှ ငွေကြေးရယူ၍ ၎င်း Notary (သက်သေခံချက်) (အတု) အား လက်မှတ်ရေးထိုးပေးခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီမှ ထုတ်ပေးခဲ့သည့် တရားမဝင် ယာယီဆေးပညာဘွဲ့လက်မှတ်အတုဖြင့် UAE နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန် လျှောက်ထားသည့် ကေဇင်ထွန်းအား Black List (အမည်မည်းစာရင်း) ရေးသွင်း၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကေဇင်ထွန်း၏ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) အား Notary(သက်သေခံချက်)ပြုလုပ်ပေးခဲ့သူများဖြစ်ကြသော အိလဲ့လဲ့ထွန်း(Angel Online Notary Service)၊ ဇာနည်လွင် (ခ) လပြည့် (လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်)၊ ရှေ့နေလှဝင်း (ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင်)နှင့် အေးသီတာ (အောင် Notary ဆိုင်ပိုင်ရှင်) တို့ ၄ ဦးအားလည်းကောင်း၊ ၎င်းဘွဲ့လက်မှတ် (အတု) အား ထပ်ဆင့်လက်မှတ်ရေးထိုး ခြင်းများဆောင်ရွက်ပေးခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုး၊ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦး တို့ ၃ ဦးအားလည်းကောင်း၊ ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစားခိုင်ခိုင်အားလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများအား နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင်သာ တက်ရောက်ပညာသင်ကြားစေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့မှ တရားမဝင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်အပါအဝင် ပညာရေးကျောင်းများတွင် စာသင်ကြားမှုများ မပြုလုပ်ရန်၊ ၎င်းတရားမဝင်တက္ကသိုလ်များ၊ ပညာရေးကျောင်းများ၊ အွန်လိုင်းပညာရေးစနစ်များနှင့်ပတ်သက်၍ သတင်းရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့စေလိုကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။