Skip to main content

သမိုင်းဝင်ချစ်ကြည်ရေးခရီးစဉ်များမှ နိုင်ငံ့အကျိုးစီးပွားဆောင်ကြဉ်းပေးနိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့စဉ်ကာလအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိတိကျကျခိုင်ခိုင်မာမာ ပိုမိုတိုးတက်မြင့်မားလာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

မတ်လ ၄ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအဝင် လွှတ်တော်ဥက္ကဋ္ဌများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်း၊ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်များသို့ တက်ရောက်ခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် စိန့်ပီတာစဘတ်နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာအဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ခဲ့သည်။

အလားတူပင် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်သည့်အခါတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မတ်လ ၇ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအဝင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခြင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်များသို့ တက်ရောက်အမှာစကားပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

နိုင်ငံတော်အဆင့် အဆင့်မြင့်တရားဝင်ချစ်ကြည်ရေးခရီးသည် နှစ်နိုင်ငံနယ်ပယ်စုံကဏ္ဍစုံအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့သည်။ အထူးသဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံကူးသန်းသွားလာဆက်သွယ်မှုတိုးချဲ့ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေး စသည့်ကဏ္ဍများစွာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုများကို ရှင်းလင်းပြောကြားနိုင်ခဲ့သဖြင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများက နားလည်လက်ခံခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်မည့်အခြေအနေများကို ရှင်းလင်းပြောကြားနိုင်ခဲ့ပြီး ရွေးကောက်ပွဲကာလတွင် မြန်မာနိုင်ငံသို့လာရောက်ကြပြီး စောင့်ကြည့်လေ့လာကြမည်ဟု သိရသည်။ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေးကို နိုင်ငံတကာတွင် ခိုင်မာစွာအသိပေးနိုင်ခဲ့ပြီး နည်းပညာမြင့်မားသည့် နိုင်ငံနှစ်နိုင်ငံနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်သဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် မြန်မာနိုင်ငံစီးပွားရေးအတွက် အခွင့်အလမ်းကောင်းများ အနာဂတ်တွင် ပေါ်ထွက်လာမည်ဖြစ်သည်။ နိုင်ငံတော်အဆင့် တစ်ပတ်ကြာ ချစ်ကြည်ရေးခရီးစဉ်နှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပ မီဒီယာများမှတစ်ဆင့် ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ နေ့စဉ်တင်ပြနိုင်ခဲ့ရာ နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆောင်ရွက်ချက်များကို ခန့်မှန်းသုံးသပ်ကြည့်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၊ မော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့၊ ဆာမားရားမြို့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တို့သို့သွားရောက်ခဲ့ရာတွင် မြန်မာနိုင်ငံနှင့် ရာသီဥတုအနေအထား လွန်စွာကွာဟသည့် အပူချိန်အနုတ် ၂ မှ အနုတ် ၁၂ ဒီဂရီ စင်တီဂရိတ် (အေးခဲနေ) ရှိ၍ အသွားအပြန် မိုင်ပေါင်းတစ်သောင်းကျော်ခန့်အထိ သွားရောက်ခဲ့ကြပြီး နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း နေ့မအားညမနားဖြင့် နိုင်ငံများအကြား စိုက်ပျိုးရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာသင်ကြားရေး၊ ခရီးသွားကဏ္ဍတိုးတက်ရေး စသည်တို့တွင် အစိုးရ၊ လုပ်ငန်းရှင်၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးစီးပွားများဖြစ်ထွန်းစေမည့် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်စေရန်အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ သမိုင်းဝင်ခရီးစဉ်ကို ကြိုဆို ဂုဏ်ပြုကြရမည်ဖြစ်ပြီး ရရှိလာမည့်အကျိုးရလဒ်ကောင်းများနှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။