Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် ၁၀

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဦးစွာ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့်နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြကြသည်။

သစ္စာစောင့်သိရိုသေ

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သံတမန်ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးဆုံးတာဝန်သည် နိုင်ငံတော်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိရိုသေရန်ဖြစ်ကြောင်း၊ သံတမန်တစ်ဦးသည် အရည်အသွေး၊ အရည်အချင်းများနှင့်ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိရှိ ဆောင်ရွက်နိုင်မှသာ မိမိကိုယ်မိမိ တန်ဖိုးမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ သံတမန်ဆိုသည်မှာ လူအင်အားအနည်းဆုံးဖြင့် ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်၍ သံတမန်အရည်အသွေးများ တိုးတက်နေအောင်၊ ထက်မြက်နေအောင် အစဉ်အမြဲကြိုးစားကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံနှင့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းမည့်ကိစ္စရပ်များကို သတ္တိရှိရှိတာဝန်ထမ်းဆောင်ရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများလိုက်နာရမည့်စည်းကမ်း၊စောင့်ထိန်းရမည့်ကျင့်ဝတ်များကို သိရှိထားရန်လိုအပ်ကြောင်း၊ သံတမန်ကျင့်ဝတ်နှင့်အညီ နေထိုင်ပြီး ပေးအပ်သည့်တာဝန်များကို စိတ်ရင်းစေတနာထား၍ မျှော်မှန်းချက်ရှိရှိ ဆောင်ရွက်ရန်လိုပါကြောင်း၊ တစ်ဦးချင်းအလိုက် နေထိုင်ကျင့်ကြံရမည့် အပြုအမူများ၊ ကြိုးစားအားထုတ်မှုများကို ဆင်ခြင်ဉာဏ်သုံး၍ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံအကြောင်းကို ကြိုတင်လေ့လာသွားရန်လိုအပ်ပြီး သိရှိမှသာ တာဝန်ထမ်းဆောင်မှုတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း။

သံတမန်ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ရန်သူကိုမိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို အကျိုးစီးပွားဖြစ်ထွန်းအောင်လုပ်ဆောင်ရန် အရေးကြီးကြောင်း၊ ရောက်ရှိသည့်နိုင်ငံတွင် မြင်တွေ့ရသည့် ဖြစ်ပေါ်တိုးတက်မှုများကို နမူနာယူ၍ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူတတ်ရန်လိုကြောင်း၊ သံတမန်ဖြစ်သည့်အတွက် Communication Skill ၊ Negotiation Skill ကောင်းမွန်ပြီး ကျွမ်းကျင်မှုရှိရန်လိုကြောင်း။

အပြန်အလှန်အထောက်အကူပြုရမည်

သံတမန်တစ်ဦးဖြစ်သည့်အတွက် Capacity Building ကို အစဉ် အမြဲမြှင့်တင်နေရန်လိုအပ်ပြီး သားသမီးများ၏ပညာရေးကိုလည်း အားပေးရန်မှာကြားလိုကြောင်း၊ ယနေ့ခေတ် တိုးတက်လာသည့်နည်းပညာရပ်များကို လေ့လာသင်ယူပြီး ထိရောက်စွာအသုံးချတတ်ရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံကို အကောင်းဆုံးကိုယ်စားပြု (Represent) လုပ်နိုင်သူဖြစ်ရန် ကြိုးစားတာဝန်ထမ်းဆောင်ကြရန်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အထောက်အကူပြုရမည်ဖြစ်ကြောင်း။

ထို့ပြင် သံတမန်တစ်ဦးအနေဖြင့် ဘာသာစကားများ ကျွမ်းကျင်မှုရှိအောင် အစဉ်အမြဲကြိုးစားကြရမည်ဖြစ်ပြီး ကမ္ဘာသုံးဘာသာစကား၊ သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ဘာသာစကားကိုပါ တတ်မြောက်ကျွမ်းကျင်ရန် ကြိုးစားလေ့လာသင်ယူစေလိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်