နေပြည်တော် မတ် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥပဒေပညာရပ်များကို သိရှိနားလည်မှသာ လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်သည့်အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းများကို ရုံးဌာနများနှင့် ကျောင်းများတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း လေ့လာသင်ကြားခဲ့ရသည့် ဥပဒေပညာရပ်များကို မိမိတို့လုပ်ငန်းနယ်ပယ်အတွင်း၌ အကျိုးရှိစွာ အသုံးချကျင့်သုံးဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြဋ္ဌာန်းသတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများကို လေးစားလိုက်နာပြီး ဥပဒေနှင့်ငြိစွန်းနိုင်သည့်ကိစ္စရပ်များကို ရှောင်ရှား၍ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ယုံကြည်ချက်ခိုင်မာစွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥပဒေရေးရာဟောပြောပွဲ၌ သင်တန်းဆင်းဝန်ထမ်းများက “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေ” နှင့် “ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေးအက်ဥပဒေ” တို့ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက “အွန်လိုင်းအသုံးပြုလိမ်လည်မှု (Cyber Scam)နှင့် လောင်းကစားမှု (Online Gambling) များ တားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာ” တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းဆင်းဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၂) သင်တန်းကို မတ် ၃ ရက်တွင် သင်တန်းသား သင်တန်းသူ ၂၀ ဖြင့် ရက်သတ္တတစ်ပတ်ကြာ စတင်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်း၌ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ ခရီးစရိတ်လက်စွဲဥပဒေ၊ နည်းဥပဒေ၊ ပြည်သူပိုင်ပစ္စည်းများအား ကာကွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ဝန်ထမ်းကျင့်ဝတ်သိကောင်းစရာများ အစရှိသည့်ဘာသာရပ်များကို ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများသို့ တက်ရောက်ပြီးသည့် အရာထမ်း၊ အမှုထမ်းများပေါင်းစပ်စုဖွဲ့၍ စနစ်တကျလေ့ကျင့်သင်ကြားဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်