Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ကျိုက်ထိုမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် သထုံမြို့မှပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး၊ Toyota Hilux တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၉၇၁ တန်၊ သစ်မာ ၅ ဒသမ ၉၃၀ တန်၊ အခြားသစ် ၃ ဒသမ ၉၃၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၉၁၈၈၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၄၁၁၈၈၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၃၄၀၀၀၀) ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ မုံရွာမြို့နယ်နှင့် ကလေးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၁ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၇၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့ မြို့ရှောင်လမ်း နောင်နွန်းကျေးရွာအနီး လမ်းဘေးတစ်နေရာ၌ စုပုံထားသောအကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၃ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၁၅၁၈၈၆) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်းမျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက် ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်