Skip to main content

၂၀၂၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ နေပြည်‌တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁၀

၂၀၂၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဆပ်ကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းအဖြစ် အတည်ပြုသတ်မှတ်ပြီးဖြစ်သည့်အတွက် ယခုနှစ်တွင်ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နေပြည်တော်တွင် ယခင်နှစ်များထက်ပိုမို၍ ခမ်းခမ်းနားနားကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများအလိုက် မိမိတို့ဆောင်ရွက်ရမည့် အသေးစိတ်လုပ်ငန်းအစီအမံများကို ဆပ်ကော်မတီအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ယဉ်ကျေးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး အများပြည်သူများစိတ် ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရန်အတွက် မဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ သင်္ကြန်ပွဲတော်အတွင်း အန္တရာယ်ကင်းရှင်းပြီး လုံခြုံရေးလစ်ဟင်းမှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်နှင့် ယခင်နှစ်ကကျင်းပခဲ့သည့် အတွေ့အကြုံများအရအားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်စွက်ရှင်းလင်းတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး နေပြည်တော် စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့်ဦးက ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ရေရရှိရေးနှင့် ရေပက်ကစားရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ယခင်နှစ်မဟာသင်္ကြန် ပွဲတော်ကျင်းပဆောင်ရွက်ခဲ့မှုအပေါ် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များ၊ ယခုနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီးမဟာ သင်္ကြန်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်