နေပြည်တော် မတ် ၁၀
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား ကျောင်းသူများအား အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ဖွင့်လှစ်ခဲ့ရာ တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာအုပ်များကို ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ပေးအပ်လှူဒါန်းရာ တိုင်းမှူးကလက်ခံရယူခဲ့သည်။ ယင်းနောက်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တောင်ကြီးမြို့ ရွှေတော်ရပ်ကွက် ဝံသာနုရက္ခိတအသင်း ဝံသာနုသီတဂူ ဓမ္မစကူးလ်ဌာနမှ ကလေးငယ်များက (၃၈) ဖြာမင်္ဂလာ သီချင်း၊ လူချွန်/လူကောင်းသီချင်းနှင့် သွေးချင်းတို့မြေသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးပြီး တိုင်းမှူးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ အဆိုပါ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းကို ကျောင်းသား ကျောင်းသူ ၂၇၁ ဦးဖြင့် မတ် ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူးဗိုလ်မှူးချုပ်ပြည့်စုံလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးကသင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား ကျောင်းသူ ၇၃ ဦးဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းကို ကျောင်းသား ကျောင်းသူ ၃၉ ဦး ဖြင့်လည်းကောင်း ဧပြီ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်