Skip to main content

ပြည်ထောင်စုဝန်ကြီးဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုး ရေးလုပ်ငန်းများပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်တဲကြီးကုန်းကျေးရွာသို့သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ လယ်ယာဂုဏ်ဆောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံနေကြာစိုက်တောင်သူများနှင့်တွေ့ဆုံပြီး သမဝါယမအသင်းမှ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသောနေကြာများကို သမဝါယမအသင်းပိုင် ဆီစက်များမှပွဲစားမလိုဘဲ ဒေသပေါက်ဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူကြိတ်ခွဲပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်းမပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ၊ စိတ်တူကိုယ်တူဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများအကျိုးရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆောင်းနေကြာစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပုဗ္ဗသီရိမြို့နယ် သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်နှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အိမ်ရှင်မဆီစက် လည်ပတ်နေမှုအခြေအနေများကိုလည်းကောင်း၊ စမ်းဝတီသဘာဝမြေဩဇာစက်ရုံ လည်ပတ်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံမှထွက်ရှိသော သဘာဝမြေဩဇာများကို ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း သမဝါယမအသင်းသား တောင်သူများနှင့်ချိတ်ဆက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်