နေပြည်တော် မတ် ၁၁
အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၄)နှင့် အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၀၂)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်၊ ပါမောက္ခချုပ်ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများသည်အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိသည့်အတွက် အရည်အချင်းနှင့် ကျွမ်းကျင်မှု၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှု၊ စိတ်ဓာတ်နှင့်စည်းကမ်းများကောင်းမွန်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တစ်ဦးချင်းစီအနေဖြင့် မိမိတို့တတ်နိုင် သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး ၃၀ တို့ကို စောင့်ထိန်းလိုက်နာခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းသက်တမ်းတစ်လျှောက် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားပြီး အဂတိတရား ကင်းရှင်းသည့် စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းမွန်သော ဝန်ထမ်းများဖြစ်အောင် ကျင့်ကြံပြုမူ နေထိုင်ကြရန်နှင့်ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့်နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးယန္တရား အောင်မြင်စွာလည်ပတ် နိုင်အောင်ကျရာကဏ္ဍမှ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၄)၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာဘွဲ့လက်မှတ်များ ချီးမြှင့်ခဲ့သည်။
အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ် (၁၄) သို့ သင်တန်းသား ၆၅ ဦး၊ သင်တန်းသူ ၅၀ စုစုပေါင်း ၁၁၅ ဦးနှင့် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၂)သို့ သင်တန်းသား ၁၃၅ ဦး၊ သင်တန်းသူ ၂၃၄ ဦး စုစုပေါင်း ၃၆၉ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်