Skip to main content

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ အင်ဂျင်နီယာ ဘာသာရပ်အလိုက် အေးချမ်းစွာပညာသင်ကြား

နေပြည်တော် မတ် ၁၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၈ ရက် မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (West Yangon Technological University- WYTU) သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ခရီးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မသုံးထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုနှင့် Multipurpose Hall အခြေအနေများ၊ အဓိပတိလမ်းမကြီးတွင် အရိပ်ရပင်များ၊ ပလက်ဖောင်းနှင့် လမ်းမီးတိုင်များ တပ်ဆင်ပြီးစီးမှု၊ ယာဉ်ရပ်နားရန်နေရာများနှင့် Drainage System လုပ်ငန်းများ၊ တက္ကသိုလ်ဓမ္မာရုံ တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု၊ Recreation Center တည်ဆောက်ရန်လျာထားမြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုနှင့် Master Plan ဆိုင်ရာလုပ်ငန်းများအတိုင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ် လမ်းညွှန်မှာကြားချက်များအတိုင်း ဆက်လက်လိုက်နာဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် အင်ဂျင်နီယာဘာသာရပ်များအလိုက် စာသင်ခန်းများတွင် စိတ်ရွှင်လန်းချမ်းမြေ့စွာ သင်ကြားလျက်ရှိကြသော ကျောင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာသော အင်ဂျင်နီယာလူငယ်ကောင်းများ ဖြစ်စေရေး ကျင့်ကြံကြိုးပမ်းဆောင်ရွက်သွားကြရန်၊ နည်းပညာဖွံ့ဖြိုးမှုအရွေ့နှုန်းတို့နှင့်အတူ လိုက်ပါနိုင်ရေး လေ့လာဆည်းပူးကြရန် တိုက်တွန်းမှာကြားကာ လိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆိုလာစနစ်တပ်ဆင်သုံးစွဲ ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ဆက်လက်၍ စာကြည့်တိုက်သို့ ရောက်ရှိပြီး ကျောင်းသားများလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာအုပ်များထားရှိမှုနှင့် ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ခေတ်မီစာကြည့်တိုက် ဖြစ်စေ ရေးအတွက် နည်းပညာ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်မှာကြားပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

သတင်းစဉ်