Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ (ရန်ကုန်)ကျင်းပနိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ(ရန်ကုန်)ကျင်းပမည့် ကျိုက္ကဆံကွင်းသို့ရောက်ရှိရာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ပြပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို အကွက်ချပုံစံများဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်၍ အားနည်းချက်များကို ဖြည့်ဆည်းပြီး အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုပြုလုပ်မည့် MSME ထုတ်ကုန်ပြပွဲကို အဆင့်မီစွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲကို အချိန်မီကျင်းပနိုင်ရေးအတွက် ဆိုင်ခန်းတည်ဆောက်ခြင်း၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ မိလ္လာစနစ်များ စသည်တို့နှင့်ပတ်သက်သည့် ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အချိန်ဇယားများ၊ အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရန်၊ လုပ်ငန်းရှင်အချင်းချင်း ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပတင်ပို့မှုကို တိုးမြှင့်နိုင်ရန်၊ MSME ထုတ်ကုန်များအား ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် MSME ထုတ်ကုန်ပြပွဲကို ကျင်းပခြင်းဖြစ်၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ MSME များအားလုံး ပါဝင်ပြသနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ (ရန်ကုန်) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြပွဲကျင်းပမည့်ကွင်းအတွင်း၌ ဆိုင်ခန်းများ လျာထားသတ်မှတ်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ် ငါးဆူတောင်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ဆေးဝါးကုန်ကြမ်းစိုက်ကွင်းသို့ ရောက်ရှိပြီး နိုင်ငံတော်ပိုင်မြေများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့စိတ်ဝင်စားမှု အဆိုပြုလွှာများ ဖိတ်ခေါ်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးကုန်ကြမ်းစိုက်ကွင်းအတွင်း မသက်ဆိုင်သူများ ဝင်ရောက်စိုက်ပျိုးမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားပြီး စိုက်ကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်