မြန်မာနိုင်ငံတွင် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန် သုံးခုရှိသည်။ အထူးစီးပွားရေးဇုန်များကို ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းသည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေများကိုအခြေခံပြီး ဥပဒေပြဋ္ဌာန်းချက်များအတိုင်း လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။ လက်ရှိအကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်တွင်ဖော်ဆောင်မည့် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်ပြီး နိုင်ငံရေးနှင့်ယှဉ်တွဲ၍ နိုင်ငံရေး၊ စီးပွားရေးပေါင်းစပ်ဆောင်ရွက်ကြရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများအနေဖြင့် အထူးစီးပွားရေးဇုန်များနှင့် သီးသန့်ဇုန်များ ထူထောင်လုပ်ကိုင်ဆောင်ရွက်ကြရာတွင် နိုင်ငံအလိုက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီး လုပ်ကိုင်နေကြသည်။ ထူထောင်ထားသည့် အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် ဖြေလျှော့ပေးမှုများ၊ မက်လုံးပေးမှုများ၊ ဆွဲဆောင်စည်းရုံးမှုများကို နိုင်ငံအလိုက် ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပို့ကုန်တိုးမြှင့်နိုင်ရေးသည် အဓိကအချက်ဖြစ်၍ ပြည်ပပို့ကုန်ထုတ်လုပ်ကြသည့် ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးဖိတ်ခေါ်ကြ ရမည်ဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၄၆၆ သန်းရှိပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၅၅၉ ဒသမ ၂၈၄ သန်းရှိသည်ကို တွေ့ရသည်။ သီလဝါအထူးစီးပွားရေးဇုန်၏ ပို့ကုန်/သွင်းကုန် ကုန်စည်များကို ကြည့်မည်ဆိုလျှင် သွင်းကုန်ပစ္စည်းများ၌ အများဆုံးလယ်ယာသုံးပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရန်ကုန်ကြမ်းများ၊ မော်တော်ယာဉ်ကုန်ကြမ်းအပိုပစ္စည်းများ၊ စည်သွတ်ဘူးထုတ်လုပ်ရန်ကုန်ကြမ်းများ၊ အဝတ်အထည်များ၊ ဓာတ်ခွဲခန်းသုံးလက်အိတ်များ၊ ဆေးဝါးများနှင့် စပီကာများဖြစ်သည်။ ထို့ကြောင့် ပို့ကုန်/ သွင်းကုန်ပစ္စည်းများ၏ လိုအပ်ချက်နှင့် အခြေအနေများကို သုံးသပ်ကြည့်ရမည်ဖြစ်သည်။
သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ကုန်ပစ္စည်းအရည်အသွေး အဆင့်အတန်းမြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် နိုင်ငံခြားငွေကြေးဆိုင်ရာအခက် အခဲရှိနေကြောင်း သိရသဖြင့် အခက်အခဲအချို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက အတတ်နိုင်ဆုံးဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
MSME ကုန်ထုတ်လုပ်ငန်းများနှင့်ချိတ်ဆက်ပေးပြီး အစားထိုးရရှိသည့် ဝင်ငွေပိုင်းကိုကြည့်လျှင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၅၉၆ သန်းနှင့် မြန်မာကျပ်ငွေ ၅၁ ဘီလီယံကျော်ရရှိခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ MSME ထုတ်ကုန်များကို အထူးစီးပွားရေးဇုန်များ၏ သွင်းကုန်အစားထိုးမှုအပိုင်းတွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် ချမှတ်ဆောင်ရွက်ရာတွင် MSME လုပ်ငန်းများသည် အဓိကပါဝင်သကဲ့သို့ အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရာ၌ အထောက်အကူများစွာပြုအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၏ အဓိကလိုအပ်ချက်မှာ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးသည် အဓိကအချက်ဖြစ်၍ နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအင်ကို တိုးတက်တည်ဆောက်ကြရမည်ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက်အရေးကြီးပြီး နိုင်ငံတော်နှင့် ဒေသခံများအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သော စီမံကိန်းဖြစ်ရာ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး Belt and Road စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ သွားရောက်သည့်ခရီးစဉ်တွင် အခွင့်အလမ်းကောင်းများစွာ ဖော်ဆောင်နိုင်ခဲ့သည့်အတွက် မကြာမီကာလတွင် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ မြင့်မားတိုးတက်စေရေးအတွက် အထူးစီးပွားရေးဇုန်များ အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးကုန်ပစ္စည်းများ အရည်အသွေးမြှင့်တင်ထုတ်လုပ်ရေးအတွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန်များ ချိတ်ဆက်ပြီး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။