နေပြည်တော် မတ် ၁၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခု၌ စာရင်းရှိ ကျောင်းသား ၅၇၃၀ ဦး၊ ကျောင်းသူ ၇၁၉၆ ဦး၊ စုစုပေါင်း ၁၂၉၂၆ ဦးတွင် ဖြေဆိုသူ ကျောင်းသား ၅၄၈၄ ဦး၊ ကျောင်းသူ ၇၀၆၈ ဦး၊ စုစုပေါင်း ၁၂၅၅၂ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူစာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၀၀)ခရိုင်၊ မြို့နယ်ပေါင်း(၂၄၃)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၇၀)ဌာနတို့တွင် စာရင်းရှိဦးရေမှာ (၂၀၇၉၁၇) ဦးရှိပြီး လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၉၆၃၃၇)ဦးရှိသည်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄ ဒသမ ၅၉) ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၈ ရက် အင်္ဂါနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် သင်္ချာဘာသာရပ်၊ မတ် ၂၀ ရက် ကြာသပတေးနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၂၁ ရက် သောကြာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၂၂ ရက် စနေနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။