အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများအပြားတွင် လေဆင်နှာမောင်းများ၊ လေမုန်တိုင်းများ၊ တောမီးများ၊ လေပြင်းများကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုတို့ လွန်စွာများပြားကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။ မတ်လ ၁၄ ရက်မှစ၍ မစ်ဇိုးရီ၊ အာကင်ဆော၊ အိုကလာဟိုးမား၊ အလာဘားမား၊ မစ္စစ္စပီပြည်နယ်တို့မှာ သဘာဝဘေးအန္တရာယ်များကို ခံစားကြရပြီး သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၄၀ အထိရှိလာသည်။ လေဆင်နှာမောင်း တိုက်ခတ်မှုစုစုပေါင်း ၈၀ ခန့် မွှေနှောက်တိုက်ခတ်သွားခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများလည်း ရှိနေသည်။ ပြင်းထန်သည့် ရာသီဥတုအခြေအနေများ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အချို့တွင် ဖြစ်ပေါ်နိုင်သည့် အလားအလာနှင့်စပ်လျဉ်း၍ မိုးလေဝသဌာနက ဆက်လက်သတိပေးထားသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသဖြစ်စဉ်များ ကြီးမားပြင်းထန်လာသကဲ့သို့ အကြိမ်ရေလည်း ပိုမိုဖြစ်ပေါ်လာသည်။ သဘာဝဘေးအန္တရာယ်များလည်း ပိုမို၍ကျရောက်လာသည်။ သိပ္ပံနှင့်နည်းပညာမြင့်မားပြီး ချမ်းသာကြွယ်ဝသည့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော ကမ္ဘာ့နိုင်ငံကြီးသည်ပင်လျှင် သဘာဝတရားကြီးကို မထိန်းချုပ်နိုင်သေး။ နိုင်ငံကြီးမားကျယ်ဝန်းသလောက် သဘာဝဘေးအန္တရာယ် နှစ်စဉ်ကြုံတွေ့ရပြီး သေကျေထိခိုက်ပျက်စီးမှုတို့လည်း အနည်းနှင့်အများဆိုသလို နှစ်စဉ်ရှိနေသည်။
မိမိတို့နိုင်ငံတွင်လည်း ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး နေ့အပူချိန်များ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသည်။ နေ့အပူချိန်များ မြင့်တက်လာခြင်းနှင့်အတူ အပူဒဏ်အန္တရာယ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးအတွက် သက်ဆိုင်ရာက အသိပေးနှိုးဆော်မှု ပြုနေပြီဖြစ်သည်။ ယခုလမှသည် လာမည့်နှစ်လအတွင်း နေ့အပူချိန်များ မြင့်မားနေမည်ဖြစ်ပြီး မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။
ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များက လေကြောင်းနှင့် ရေကြောင်းခရီးသွားလာမှုများအတွက် သတိပြုဖွယ်ဖြစ်သကဲ့သို့ ရပ်ရွာများအတွင်း နေထိုင်သူများလည်း သတိပြုနိုင်ကြရန် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် နှိုးဆော်လျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုများသည် မိမိတို့နိုင်ငံတွင်လည်း ကြုံတွေ့နေရပြီ ဖြစ်သည့်အလျောက် ယခင်ကမဖြစ်ခဲ့ဖူးသည့် သဘာဝဘေးအန္တရာယ်များ လွန်ခဲ့သည့်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည်ကို သင်ခန်းစာယူ၍ မိမိတို့တတ်နိုင်သမျှ ကြိုတင်ပြင်ဆင် ကာကွယ်ထားကြရမည်ဖြစ်သည်။ ရာသီအလိုက် ဖြစ်ပေါ်နေသည့် မိုးလေဝသဖြစ်စဉ်များကို ကြိုတင်ခန့်မှန်းနိုင်သော်လည်း မဖြစ်လာစေရန် တားဆီး၍မရ။ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင်လည်း မိမိတို့နေထိုင်ရာ ရပ်ရွာဒေသများ၏ ပထဝီအနေအထား၊ မိမိနေအိမ်၏ အနီးပတ်ဝန်းကျင်အနေအထားတို့အပေါ် တွင်မူတည်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်သည်။ ဥပမာလွင်ပြင်ဒေသများတွင် နေထိုင်သူများအဖို့ မိမိနေအိမ်ကို လေပြင်းဒဏ်ခံနိုင်ရန် အားဖြည့်ပြင်ဆင်မှုပြုလုပ်ခြင်း၊ အိမ်အနီးတွင် လဲပြိုနိုင်သည့် သစ်ပင်များရှိပါက သစ်ကိုင်းများချိုင်ခြင်း၊ ဒေါက်တိုင်များထောက်ခြင်းတို့ဖြင့် ကာကွယ်ကြရန်ဖြစ်သည်။
ရာသီအလိုက် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ သတိပေးချက်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပညာပေးနှိုးဆော်ချက်များကို အလေးဂရုပြု၍ မိမိတို့တွင် ရှိနေသော အရင်းအမြစ်များဖြင့် သဘာဝဘေးအမျိုးမျိုးမှ ကြိုတင် ကာကွယ်ရေး၊ တစ်ဦးကိုတစ်ဦး အပြန်အလှန်အကူအညီပေးကာ လုံ့လဝီရိယအပြည့်၊ နိုးကြားသောအသိဖြင့် စုပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။