Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး AI နည်းပညာဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၁၈

Artificial Intelligence (AI) နည်းပညာဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက AI နည်းပညာသည် လူသားများ၏ ဘဝနေထိုင်မှုပုံစံအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် နည်းပညာရေစီးကြောင်းတွင် နောက်ကျမကျန်ခဲ့စေရန်အတွက် ဉာဏ်ရည်တုနည်းပညာ(AI)နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးခြင်းကို ကျင်းပပေးခြင်းဖြစ်ကြောင်း။

AI နည်းပညာအသုံးပြု၍ လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများရှိနိုင်ကြောင်း၊ သတင်းအချက်အလက်လုံခြုံမှုရှိရေးကို ဂရုပြုရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသိပညာပေးခြင်းဖြင့် ဝန်ထမ်းများအတွက် AI ၏ အခြေခံသဘောတရားများ၊ နိုင်ငံတကာတွင် AI နည်းပညာအသုံးချမှုများ၊ AI စွမ်းဆောင်ရည်များ၊ AI Tools များကိုအသုံးချ၍ တီထွင်ဖန်တီးမှုများ၊ Ethical ဆိုင်ရာကျင့်ဝတ်များ၊ စံသတ်မှတ်ချက်များ၊ AI Tools အသုံးပြုမှုနှင့်ပတ်သက်၍ လုံခြုံရေးအရ သတိပြုရမည့်အချက်များကို သိရှိနားလည်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က AI & Law Enforcement: History Technologies & Legal Perspectives ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန Polytechnic University (ထားဝယ်)မှ တွဲဖက်ပါမောက္ခ ဒေါက်တာကြည်လဲ့လဲ့ခိုင်က Ethical Concern with Today AI ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာမေဖူးဝေက Unlocking the Power of AI ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Myday Application မှ နည်းပညာရှင် ဦးမိုးသန်းဦးက AI for Social E- Commerce ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကော်မရှင်ရုံးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

သတင်းစဉ်