နေပြည်တော် မတ် ၁၈
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ပြုလုပ်မည့် “Nepal-Myanmar Partnership in Digital Transformation Program” ဆိုင်ရာ ကိစ္စရပ်များ၊ နီပေါနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ငန်းဆောင်တာများ စနစ်တကျလျင်မြန်စွာဆောင်ရွက်နိုင်မှု၊ စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်ထိရောက်စွာအသုံးချဆောင်ရွက်နိုင်မှု၊ စက်မှုဇုန်များ၌ လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် ဘဏ်လုပ်ငန်းစနစ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် အဆင့်ဆင့်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် မြန်မာနိုင်ငံတွင်လည်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးလိုသည့် အခြေအနေများ၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ MSME လုပ်ငန်းများအတွက် လိုအပ်သော ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာများကို ထိရောက်စွာဖြန့်ဝေပေးနိုင်မှု၊ ဝန်ထမ်းများအတွက်လည်း ဒစ်ဂျစ်တယ်အသုံးပြုမှု အသိပညာများ တိုးမြှင့်ရရှိနိုင်ရေးဆောင်ရွက်ပေးနေမှု၊ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်နေမှု၊ Digital Tools အသုံးပြု၍ လုပ်ငန်းအချက်အလက်စီမံခန့်ခွဲနိုင်မှုနှင့် ငွေကြေးစီမံခန့်ခွဲနိုင်စေရန် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကဏ္ဍတွင် နီပေါနိုင်ငံနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေတို့ကို ရင်းရင်းနှီးနှီးအမြင်ချင်း ဖလှယ်ဆွေးနွေးသည်။ ထို့နောက် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (၁၊၂၊၃၊၄၊၆၊၇) စက်မှုဇုန်၌ကျင်းပရာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စက်မှုလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အမှာစကားပြောကြားသည်။
ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ လှိုင်သာယာ(၁၊၂၊ ၃၊ ၄၊ ၆၊ ၇) စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဒုတိယဥက္ကဋ္ဌနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် စက်မှုလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်