နေပြည်တော် မတ် ၁၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ မတ် ၁၅ ရက်နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပြီးစီးမှု၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်နှင့် ဆပ်သွားဖူးတော်ရှိ ရတနာပစ္စည်းများ ရောင်တော်ဖွင့်ခြင်းလုပ်ငန်းပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ငြမ်းစေတီမီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ဒုတိယဝန်ကြီးသည် မတ် ၁၇ ရက်နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်းတိုက်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော်နှစ်ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ ကုသိနာရုံမြို့ ကုသိနာရုံမြန်မာကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ သာဝတ္ထိမြန်မာဇေတဝန်ကျောင်းဆရာတော် ဘဒ္ဒန္တဩဘာသအမှူးပြုသော ပင့်သံဃာဆရာတော်များ၊ သာသနာတော်ဆိုင်ရာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါးတို့ ကြွရောက်တော်မူကြပြီး ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားဖူးခရီးစဉ်ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ဘုရားဖူးဧည့်သည်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ကုသိနာရုံကျောင်းဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သီရိလင်္ကာ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒရတနအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သံအမတ်ကြီးက နာလန္ဒာ တရုတ်ဗုဒ္ဓဘာသာကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မ ရတနအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပြီး သာဝတ္ထိမြန်မာ ဇေတဝန်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် အိန္ဒိယနိုင်ငံ ပရဒေသီသံဃနာယကအဖွဲ့အား ပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကုသိနာရုံမြို့ ကုသိနာရုံမြန်မာကျောင်းတိုက်၌ ကျင်းပခဲ့ရာ ကုသိနာရုံမြန်မာကျောင်းတိုက် ဆရာတော်အမှူးပြုသော အိန္ဒိယနိုင်ငံ မြန်မာဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းမှ ဆရာတော်များ ကြွရောက်တော်မူကြပြီး ဒုတိယဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကုသိနာရုံမြန်မာကျောင်းတိုက်ဆရာတော်က အဖွင့်ဩဝါဒကထာ မြွက်ကြားပြီး ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပရဒေသီသံဃနာယက ရွေးချယ်ရေး စည်းမျဉ်းဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆရာတော်များက ပရဒေသီသံဃနာယက အဖွဲ့(စတုတ္ထအကြိမ်)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)၊ အကျိုးတော်ဆောင်၊ တွဲဖက်အကျိုးတော်ဆောင်နှင့် အဖွဲ့ဝင်ဆရာတော် ခြောက်ပါးတို့ကို အဆိုပြုရွေးချယ်တင်မြှောက်ခဲ့ကြပြီး ကုသိနာရုံ မြန်မာကျောင်းတိုက်ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်