နေပြည်တော် မတ် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျောင်းသားများအား နည်းပညာကျွမ်းကျင်မှုစံနှုန်းများ ပြည့်မီစေရေးအပြင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်ကောင်းများဖြစ်စေရေးမွေးထုတ်ပေးရန်၊ ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်မြန်ဆန်စွာ အကျိုးပြုမည့် ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပညာသင်နှစ်အလိုက်၊ ဘာသာရပ်အလိုက် လျှပ်စစ်နည်းပညာ သင်တန်း၊ အီလက်ထရွန်နစ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်မှု နည်းပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း၊ သုတနည်းပညာသင်တန်းတို့မှ ကျောင်းသားများ ကျောင်းတွင်း On Job Training ဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အုပ်စုဖွဲ့ကာ စိတ်ဝင်စားပျော်ရွှင်စွာ ဆောင်ရွက်နေမှုများနှင့် စာကြည့်တိုက်တွင် နည်းပညာနှင့် သုတ၊ ရသစာအုပ်များကို လေ့လာဖတ်ရှုလျက်ရှိကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ On Job Training လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် ကျောင်းသားများထံ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဂဟေဆက်နည်းပညာသင်တန်းများအလိုက် သင်တန်းသားများ၊ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်သော မျိုးဆက်သစ်ဂဟေဆက် နည်းပညာရှင်များ ဆက်လက်ပျိုးထောင်ပေးရန်၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါသင်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ယနေ့အချိန်ထိ ဂဟေဆက်ကာလတို သင်တန်းအမျိုးအစားသုံးမျိုးကို ၁၄ ကြိမ် ဖွင့်လှစ်ခဲ့ရာ ဂဟေဆက်ကျွမ်းကျင်သင်တန်းဆင်း ၁၅၄ ဦး မွေးထုတ်နိုင်ခဲ့ပြီး ၁၂၁ ဦး အလုပ်အကိုင်များရရှိခဲ့ကာ သင်တန်းပြီးစီးကြောင်းလက်မှတ် (Completion Certificate)နှင့် NSSA ဖြေဆိူမှုအောင်မြင်ပါက NSSA အသိအမှတ်ပြုလက်မှတ်ကိုပါ ရရှိမည်ဖြစ်၍ လက်မှတ်နှစ်ခုရရှိနိုင်သည်။
အဆိုပါ သင်တန်းကျောင်းတွင် အသုံးအများဆုံးသော ဂဟေဆက်အမျိုးအစားများအားလုံးကို သင်ကြားပေးခြင်း၊ ခေတ်မီ Welding Simulator စက်များဖြင့် သင်ကြားပေးခြင်း၊ ပြင်ပလုပ်ငန်းခွင်များနှင့်ကိုက်ညီမှုရှိသော ဂဟေဆက်နည်းပညာရပ်ကို အမှန်တကယ်တတ်မြောက်စေပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကထားဆောင်ရွက်တတ်စေသော အလေ့အကျင့်ကောင်းများကို သင်တန်းကျောင်းမှ စနစ်တကျပျိုးထောင်သင်ကြားပေးခြင်း၊ အခမဲ့သင်တန်းများဖြစ်သည့်အပြင် ဆက်စပ်အဖွဲ့အစည်းများထံမှ သင်တန်းသားများအား လစဉ်ချီးမြှင့်ငွေများနှင့် On Job Training ဆိုင်ရာ ချီးမြှင့်ငွေများပေးသည့် အစီအစဉ်များရှိခြင်း စသည်တို့ကြောင့် ဂဟေဆက်နည်းပညာကို အမှန်တကယ်တတ်မြောက်လိုပြီး အလုပ်အကိုင်များရရှိလိုသည့် လူငယ်များ တတ်ရောက်သင့်သည့် သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်