နေပြည်တော် မတ် ၂၀
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတို့၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်သွေးအလှူရှင် ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင် သွေးအလှူရှင်ပြည်သူများ၊ သွေးအလှူရှင်စုစုပေါင်း ၁၈၅ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်