နေပြည်တော် မတ် ၂၀
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး ကော်မတီဝင်များ ဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃) ကုန်ဆုံးပြီးဖြစ်သဖြင့် အမျိုးသားအဆင့် မဟာဗျူဟာအသစ် (၂၀၂၄-၂၀၂၈) ကို ၂၀၂၄ အောက်တိုဘာ ၂၁ ရက် တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာအသစ် (၂၀၂၄-၂၀၂၈) တွင် မဟာဗျူဟာနယ်ပယ် (၅) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မဟာဗျူဟာနယ်ပယ် (၁) တွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မဟာဗျူဟာရည်မှန်းချက်ခုနစ်ချက်နှင့် မဟာဗျူဟာအစီအစဉ် ၂၉ ချက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ရမည့် မဟာဗျူဟာအစီအစဉ် ၁၀ ချက်ရှိပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည် သန်းအောင်က ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) နှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) နှင့် စပ်လျဉ်း၍ ဌာနအဖွဲ့အစည်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်