Skip to main content

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော် မတ် ၂၁

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်ရဲကျော်သူနှင့် စစ်ကြောင်းမှူးများ၊ စေတနာရှင် အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေစုစုပေါင်းငွေကျပ် (၂,၈၁၉,၅၃၀,၀၀၀) (ကျပ်သိန်းနှစ်သောင်းရှစ်ထောင်တစ်ရာ ကိုးဆယ်ငါးသိန်းသုံးသောင်းတိတိ) ကို ပေးအပ်လှူဒါန်းကြရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ တပ်မတော်နေ့ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်စန်းယုနိုင်၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

အခမ်းအနားအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၏ စားရိပ်သာနှင့် စားချက်ဆောင်များကိုလည်းကောင်း၊ ကျန်းမာရေးနှင့် ဆေးအကာအကွယ်ပေးရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ဆက်ဆံရေးစခန်းကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်