Skip to main content

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၂၁

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံရှိ မြို့သုံးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းအလိုက် အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အားကစားနှင့်ဆက်နွှယ်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရေး၊ သင်္ကြန်မတိုင်မီလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ထားကြရေး၊ အားကစားနှင့် ကာယပညာ (သိပ္ပံ) သင်တန်းသားရွေးချယ်ရာတွင် သတ်မှတ်ထားသည့်မူများအတိုင်း စနစ်တကျ ရွေးချယ်ရေး မှာကြားသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်