နေပြည်တော် မတ် ၂၁
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် သစ်ပင်၊ သစ်တောနှင့် ဂေဟစနစ်မျိုးစုံ၏အရေးပါမှုကို ပိုမိုသိရှိနားလည်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ် မတ် ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အဖြစ် ၂၀၁၂ ခုနှစ်တွင် စတင်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်မှာ “Forest and Food - သစ်တောများနှင့် စားရေရိက္ခာများ” ဖြစ်ကြောင်း။
ယနေ့ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါဖြစ်ပွားမှု၊ ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများကြောင့် စားရေရိက္ခာထုတ်လုပ်မှုကျဆင်းလာပြီး ကမ္ဘာပေါ်ရှိ လူဦးရေ ၇၃၃ သန်းခန့် ငတ်မွတ်မှုနှင့်ရင်ဆိုင်နေရကာ လူဦးရေ ၈၁၅ သန်းခန့် အာဟာရချို့တဲ့လျက်ရှိကြောင်း ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ထားပြီး ကမ္ဘာ့စားရေရိက္ခာဖူလုံစေရေးအတွက် သစ်တောဂေဟစနစ်များ မြှင့်တင်ထိန်းသိမ်းပေးရန် နှိုးဆော်လျက်ရှိကြောင်း၊ စားရေရိက္ခာရရှိမှုနှင့် ထုတ်လုပ်မှုနည်းလမ်းများသည် တည်ငြိမ်သောဂေဟစနစ်နှင့် ကောင်းမွန်မျှတသော ရာသီဥတုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ဂေဟစနစ်အားလုံး၏ ဗဟိုချက်ဖြစ်သော သစ်တောဂေဟစနစ်များကို ကမ္ဘာ့နိုင်ငံများက ပိုမိုအလေးပေးထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်စေပြီး ရာသီဥတုမျှတစေရေးအတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်စေရေးအတွက် တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးခြင်း၊ ထင်းလောင်စာလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်စေရေးအတွက် တစ်ရွာနှစ်ဧက ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် လူသားများနှင့် ပတ်ဝန်းကျင်အတွက် မရှိမဖြစ်အရေးပါသည့်အတွက် လူတိုင်းက သစ်တောများ၏ အရေးပါမှုနှင့်တန်ဖိုးကို သိရှိနားလည်ပြီး မြန်မာနိုင်ငံရှိ သစ်တောများ ထာဝစဉ်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ Keynote Presentation ကို ရှင်းလင်းတင်ပြပြီး အထိမ်းအမှတ်ဗီဒီယိုအား ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်ပိုစတာများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် သစ်တောများနှင့် စားရေရိက္ခာဖူလုံရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဆေးဖက်ဝင်အပင်များနှင့် သဘာဝသီးပင်စားပင်များ၊ ရေသယံဇာတနှင့် ဒီရေတောများ၊ ရေဝေရေလဲသစ်တောများ၊ ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးများနှင့်စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်