နေပြည်တော် မတ် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီစက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ လင်းစိန်ပုဂ္ဂလိက ဆီစက်သို့ သွားရောက်၍ ဆီစက်မှ ကုန်ကြမ်းဝယ်ယူရရှိမှု၊ ဆီကြိတ်ခွဲနေမှု၊ ကြိတ်ဖတ်များအား ပြန်လည်ရောင်းချနေမှုနှင့် မြေပဲခွံများအား တိရစ္ဆာန်အစာအဖြစ် အသုံးပြုနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများကို နီးစပ်ရာကျေးရွာများမှ ဆီထွက်သီးနှံစိုက် သမဝါယမအသင်းသားတောင်သူများထံမှ ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်ယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝယ်ယူသောကုန်ကြမ်းများ စနစ်တကျထားရှိရန်လိုအပ်ကြောင်း၊ ဆီကြိတ်ခွဲသော မြေပဲ၊ နှမ်း၊ နေကြာတို့ကို အမျိုးအစားအလိုက် တစ်တင်းဆီထွက်နှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များကိုလည်း တိရစ္ဆာန်အစာအဖြစ် ပြန်လည်ရောင်းချနိုင်ရေး စနစ်တကျထားရှိရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် လယ်ဝေးမြို့ရှိ လပြည့်ဝန်းဆီစက်သို့ ရောက်ရှိပြီး မြေပဲကုန်ကြမ်းများ ဝယ်ယူနေမှု၊ မြေပဲဆီပြန်လည်ကြိတ်ခွဲနေမှု၊ ဆီစစ်ခုံနှင့် ပဲရွေးစက်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက FDA ကဲ့သို့သော လက်မှတ်များရရှိအောင် ဆောင်ရွက်၍ ထုတ်လုပ်မှုအရည်အသွေးကို ယခုပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ယခုထက်ပိုမိုထုတ်လုပ်ဆောင်ရွက်နိုင်ရေး ဆီစက်လုပ်ငန်းရှင်များပူးပေါင်း၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆီစက်များမှ ဒေသတွင်း နှစ်စဉ်စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်မှုရှိ၊ မရှိ စစ်တမ်းများကောက်ယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နွားမွေးမြူရေးခြံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ချိန်အမီ နွားမျိုးကောင်းမျိုးသန့်များ ထည့်သွင်းမွေးမြူနိုင်ရေး ချိတ်ဆက်ဆောင်ရွက် ရန် ဆွေးနွေးမှာကြားပြီး နွားစတင်မွေးမြူချိန်တွင် နွားစာအဆင်သင့်ဖြစ်စေရန် နွားစာဟင်းနုနွယ်မြက် ငါးဧကစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်