နေပြည်တော် မတ် ၂၁
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ အဋ္ဌမအကြိမ် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Hybrid Format ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တက်ရောက်သည်။
အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီတို့မှ ကိုယ်စားလှယ်တို့က အွန်လိုင်းမှလည်းကောင်း တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌက မိမိတို့ဥပဒေရေးရာလုပ်ငန်းကော်မတီအနေဖြင့် ဒုတိယငါးနှစ်စီမံချက် (၂၀၂၄-၂၀၂၈) အချက်ငါးချက် ဆောင်ရွက်သွားရန် ပါရှိပါကြောင်း၊ ၎င်းတို့မှာ (၁) ပုံမှန်အစည်းအဝေးများကို သုံးလတစ်ကြိမ် ကျင်းပပြုလုပ်ခြင်းနှင့် လိုအပ်ပါက အရေးပေါ်အစည်းအဝေးများ ကျင်းပပြုလုပ်ရန်၊ (၂) လုပ်ငန်းစီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများအား ကော်မတီဝင်များနှင့် ကျင်းပပြုလုပ်ရန်၊ (၃) ဥပဒေများကို လိုအပ်ပါက ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲ ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များ၊ အခြားလုပ်ငန်းကော်မတီများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းများအား ဆောင်ရွက်သွားရန်၊ (၄) ကလေးအလုပ်သမားခိုင်းစေမှုနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်းများအား ဆောင်ရွက်သွားရန်နှင့် (၅) ပူးပေါင်းဆောင်ရွက်မည့်သူများကို အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများအား ဆောင်ရွက်သွားရန်တို့ဖြစ်ပါကြောင်း၊ အဆိုပါအချက် (၅) ချက်ကို မိမိတို့လုပ်ငန်းကော်မတီဝင်များက အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းနှင့် အဆိုပါလုပ်ငန်းစီမံချက်အရ ဆောင်ရွက်ရမည့်အချက် (၉) ချက်ရှိပြီး ယင်းအချက်များကို အမျိုးသားအဆင့်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က ဥပဒေရေးရာလုပ်ငန်းကော်မတီ သတ္တမအကြိမ်အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ လက်ရှိဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ်ချက်များကို ဖြည့်စွက်မည့်အကြောင်းအရာများနှင့် ဥပဒေရေးရာလုပ်ငန်းကော်မတီဝင်များက ဆောင်ရွက်ရမည့်ကိစ္စများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အရ ကလေးအလုပ် သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူးက အဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်ငါးချက်ကို ရှင်းလင်းတင်ပြကာ အတည်ပြုချက် ရယူသည်။
ထို့နောက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်