နေပြည်တော် မတ် ၂၅
e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်
အစည်းအဝေးသို့ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ကြိုးစားဆောင်ရွက်
အစည်းအဝေးတွင် e - Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို Myanmar e-Governance Master Plan 2030 ၏ လမ်းပြမြေပုံတွင် ရည်မှန်းထားသော အဆင့်များအတိုင်း အောင်မြင်စေရန် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ICT Infrastructure များ တည်ဆောက်ခြင်း၊ e-Procurement နှင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ခြင်း၊ စံများသတ်မှတ်ခြင်း၊ သုတေသနလုပ်ငန်းများ၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြည်သူ့အီလက်ထရောနစ်ဝန်ဆောင်မှုများ လျင်မြန်စွာ တိုးတက်လာစေရန်နှင့် e-Government ကို ထိရောက်မြန်ဆန်စွာ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကောင်းဆုံးနည်းလမ်းများကို ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းပြီး ဆွေးနွေးသွားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများက e-Government လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လမ်းညွှန်မှုခံယူရန် အချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်