Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

နေပြည်တော် ဧပြီ ၁၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ဝန်ကြီးဌာနအောက်ရှိ ဌာန၊ လုပ်ငန်းရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။

ဧပြီ ၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ သစ်တောဦးစီးဌာနခရိုင်ရုံးနှင့် မြို့နယ်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များ၊ ပျော်ဘွယ်မြို့ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များ၊ မိတ္ထီလာမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ မြို့မပျိုးဥယျာဉ်အတွင်း အထူးစိမ်း၊ တစ်ရွာနှစ်ဧက ကျေးရွာစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းများအတွက် ပျိုးပင်ပေါင်း ၁၃၀၀၀၀ ကျော်ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများ၏ ခရိုင်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းတိုင်းရုံးအဆောက်အအုံ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်းနေအိမ်များနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းရုံးအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတွင်းဦးစီးဌာနများ၏ တိုင်းတာဝန်ခံရုံးအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များ၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ သစ်တောဦးစီးဌာန ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်းနေအိမ်များကိုလည်းကောင်း၊ မြို့နယ်သစ်တောရုံးနှင့် ဝန်ထမ်းနေအိမ်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီး (မြို့မ) ပျိုးဥယျာဉ်အတွင်း လူထုဖြန့်စိုက်ပျိုးရန် ပျိုးပင်တစ်သိန်းကျော် ပျိုးထောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ သွားရောက်၍ ရုံးအဆောက်အအုံနှင့် ဂိုဒေါင်များ၊ ဝန်ထမ်းနေအိမ်များ၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဝန်ထမ်းမိသားစုများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်