Skip to main content

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး မန္တလေးငလျင်ဒဏ်သင့် ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး အားပေးစကားပြောကြား

မန္တလေး ဧပြီ ၁၀

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေးငလျင်ဒဏ်သင့် ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် အားပေးစကားပြောကြားခြင်းတို့ကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ပြုလုပ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူနေအိမ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ မိမိတို့၏ ဥပဒေရုံးအဆင့်ဆင့်နှင့် ဝန်ထမ်းအိမ်ရာများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုထိခိုက်ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါမန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ လတ်တလောအဆင်ပြေစေရန် ကူညီထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့ထိတ်လန့်မှုများကို ခေတ္တဖယ်ရှား၍ စိတ်ဓာတ်များ ပြန်လည်မြှင့်တင်ပူးပေါင်းဆောင်ရွက်ကြပါရန်၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရုံးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး ကြိုးစားကြစေလိုကြောင်း အားပေးစကားပြောကြားသည်။

ဆက်လက်၍ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းနှင့် မိသားစုများ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် အလှူရှင်များ လှူဒါန်းသည့် Disaster Kid Box ပုံး ၁၀၀၊ ဆေးရည်စိမ်ခြင်ထောင် အလုံး ၂၀၀ ၊ ဆန်၊ ဆီ၊ ကြက်ဥကတ်များနှင့် အသင့်စားခေါက်ဆွဲထုပ်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ငလျင်ဒဏ်သင့်ပျက်စီးဆုံးရှုံးသည့်ရုံးများ၊ အိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းနှင့် မိသားစုဝင်များအား အားပေးစကားပြောကြားပြီး မိုးလုံ၊ လေလုံအောက် အမြန်ဆုံးရောက်ရှိရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်